ဧည့်စာရင်းတိုင်ကြားမှု ဥပဒေ ပယ်ဖျက်မယ်

Image caption နိုင်ငံသား အခွင့်အရေး အရ လွတ်လပ်စွာ သွားလာ နိုင်တဲ့ အခွင့်အရေး ရရှိမယ်

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မေလ ၆ ရက် နေ့က အမျိုးသားလွှတ်တော်မှာ တင်ခဲ့ပြီး ဒါကို မေလ (၁၁)ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လက်ခံ ဆွေးနွေးဖို့ ကန့်ကွက်သူမရှိ သဘောတူခဲ့ပါတယ်။

ဒီဥပဒေကြမ်း မှာတော့ အရင်က ဥပဒေမှာပါခဲ့တဲ့ ဧည့်စာရင်းတိုင်ကြားခြင်းနဲ့ ပတ်သက်တဲ့ ပုဒ်မ (၁၇) တစ်ခုလုံးကို လုံးဝပယ်ဖျက်မှာ ဖြစ်ပါတယ်။

နိုင်ငံသား တစ်ယောက် က သူ့ရဲ့ အခွင့်အရေး အရ လွတ်လပ်စွာ သွားလာ နိုင်တဲ့ အခွင့်အရေး ရှိစေချင်လို့ ဖြစ်တယ်လို့ ဥပဒေကြမ်းကို တင်ခဲ့တဲ့ အမျိုးသားလွှတ်တော် အစိုးရ မဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ဆိုင်ရာ ကော်မတီ ဥက္ကဌ ဦးမင်းဦးက ပြောပါတယ်။

နိုင်ငံရပ်ခြား ကို သွားရင်တောင်မှ Passport ကိုင်ဆောင်ထား ရင် လွတ်လပ်စွာ သွားလာ နိုင်တဲ့ အခွင့် အရေး ရှိပြီး ကိုယ့်နိုင်ငံ အတွင်းမှာ မှတ်ပုံတင် ကိုင်ဆောင် ထားရင် ဧည့်စာရင်း တိုင်စရာ မလိုတဲ့ ပုံစံမျိုး အကြံပြု ထားတယ်လို့ ဆိုပါတယ်။

မူလ ဥပဒေမှာမသင်္ကာစရာ တွေ့ရှိလျှင် တိုင်ကြား နိုင်သည် ဆိုသည့် အတွက် ဧည့်စာရင်း ဆိုတာ မလိုအပ်ဘူးလို့ ပြောပါတယ်။

သင်္ကာမကင်း ဖြစ်တဲ့ လူကို သက်ဆိုင်ရာ ရဲစခန်းကသာ စစ်ဆေး စုံစမ်းတာတွေ လုပ်မှာ ဖြစ်တဲ့ အတွက် လုံခြုံရေး နဲ့ ပတ်သက်ပြီး လစ်ဟာ စရာ ကိစ္စတွေ မရှိနိုင်ပါဘူး။

ဧည့်စာရင်း ဝင်စစ်တာမျိုး၊ ဧည့်စာရင်း ကို လက်နက် တစ်ခု သဖွယ် အသုံးချ ပြီး ကိုယ်နဲ့ အဆင်မပြေတဲ့ လူတွေကို အရေးယူ တဲ့ ကိစ္စမျိုးတွေ လုပ်လို့ မရတော့ဘူးလို့လည်း ပြောပါတယ်။

နိုင်ငံခြားသားတွေ ကိုလည်း အကူအညီ ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက် တစ်ခု တည်းနဲ့ နေထိုင်ရာ ရပ်ကွက် အတွင်းမှာ သက်ဆိုင်ရာကို အကြောင်းကြားတာမျိုး ပဲ ဖြစ်စေရမယ်လို့ ဆိုပါတယ်။

အခု ဥပဒေ ကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြထားပြီး၊ ပြည်သူ့ လွှတ်တော် မှာ ဆွေးနွေးဖို့ ဆက်လက် ပေးပို့ မှာဖြစ်ပြီး၊ အတည်ပြု နိုင်ဖို့အတွက် အချိန်ကာလ အားဖြင့် အနည်းဆုံး သုံးပတ်ခန့် ကြာမြင့် နိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ