အပစ်ရပ်ရေးထဲ အားလုံးပါနိုင်ဖို့ NLD ပြင်ဆင်မှု မရှိသေးလို့ ဝေဖန်မှု ထွက်ပေါ်

_snld_khunhtunoo
Image caption SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦးကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တိုင်းရင်းသားတွေ အနေနဲ့ NLD ကို အားကိုးလို့ မရတော့ဘူး လို့ ပြောခဲ့ ပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူမှု NCA ထဲ ပါဝင် လက်မှတ် မထိုးရ သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ကြား စတင် ဆွေးနွေး နိုင်အောင် အစိုးရကို ဦးဆောင် ဖွဲ့ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ပြင်ဆင်ထားတာမျိုး ဘာတစ်ခုမှ ရှိ မနေသေးဘူး ဆိုပြီး ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ က ဝေဖန်ပါတယ်။

NLD ပါတီဘက်က ပြင်ဆင်ထားမှု မရှိသေးတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် တွေ အနေနဲ့ NCA ထဲ ပါဝင် နိုင်ဖို့ အစိုးရဘက်က ဘယ်သူနဲ့ ဆွေးနွေးရမယ်၊ ဘယ်အဖွဲ့ကို ကမ်းလှမ်းရမယ်၊ ဘယ်နေရာကို သွားရမယ်မှန်း မသိ ဖြစ်နေရတယ်လို့ SNLD ပါတီ အတွင်းရေးမှုး စိုင်းညွန့်လွင်က ဘီဘီစီ ကို ပြောပါတယ်။

SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦးကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တိုင်းရင်းသားတွေ အနေနဲ့ NLD ကို အားကိုးလို့ မရတော့ဘူး လို့ ပြောခဲ့ ပါတယ်။

ဒီ အဓိပ္ပာယ်ဟာ NLD ပါတီ ဘက်က လုပ်ဆောင် လာမှာတွေ ကို စောင့်မနေပဲ တိုင်းရင်းသားတွေ ဘက်ကလည်း လုပ်သင့် လုပ်ထိုက် တာတွေကို စတင် ပြင်ဆင် ထားဖို့ တိုက်တွန်းတာ ဖြစ်တယ်လို့ စိုင်းညွန့်လွင်က ဆိုပါတယ်။

ဒါ့ကြောင့် SNLD အပါအဝင် တိုင်းရင်းသား မြေပေါ် နိုင်ငံရေးပါတီ တွေ စုပေါင်း ထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ UNA ရဲ့ မိတ်ဖက် အဖွဲ့တွေ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် မူဝါဒ တစ်ခု ချမှတ် ထားနိုင်ရင် အစိုးရအတွက် အထောက်အကူ ဖြစ်စေ နိုင်လိမ့်မယ်လို့ စိုင်းညွန့်လွင်က ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောထားသလို ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာမျိုး လက်တွေ့ အကောင်အထည်ဖော် ကျင်းပ လာနိုင်ပြီဆိုရင်လည်း အပြည့်အဝ ပူးပေါင်းပါဝင်ဖို့ ရည်မှန်း ထားပေမယ့် ဘယ်လောက် အတိုင်းအထာ အထိ ပါဝင်ခွင့် ရနိုင်မလဲ ဆိုတဲ့ အပေါ်မှာလည်း မူတည် နေတယ်လို့ စိုင်းညွန့်လွင်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ