ဆရာတွေ ရာထူးတိုးရေး ကိစ္စ သတင်းစာရှင်း

ဓာတ်ပုံ မူပိုင် moe myanmar
Image caption အရည် အချင်းစစ် စာမေးပွဲကို မေလ ၁၂ ရက်မှာ ဖြေရမယ်လို့ အခြေခံ ပညာ ဦးစီး ဌာနက ထုတ်ပြန် ထား

ပညာရေး ဝန်ကြီး ဌာနက အခြေခံ ပညာ ဆရာ ဆရာမတွေ ရာထူးတိုး စာမေးပွဲ ကိစ္စနဲ့ ပညာရေး ဌာနပိုင် အဆောက် အဦး ကန်ထရိုက် ချထားမှု ကိစ္စ ပွင့်လင်း မြင်သာမှု မရှိဘဲ လုပ်နေတဲ့ အပေါ် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ် က မန္တလေးမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ ပါတယ်။

အခြေခံ ပညာ အထက်တန်း အောင်ပြီးလို့ ပညာရေး တက္ကသိုလ် တက်ရောက်ခဲ့ သူတွေနဲ့ ဘွဲ့ရပြီးမှ ပညာရေး ကောလိပ်မှာ ဒီပလိုမာ သင်တန်း အောင်မြင် ခဲ့တဲ့ အခြေခံ ပညာမူလတန်းပြ ဆရာ ဆရာမတွေကို အလယ်တန်းပြ အဖြစ် ရာထူး တိုးယူမယ် ဆိုရင် အရည် အချင်းစစ် စာမေးပွဲကို မေလ ၁၂ ရက်မှာ ဖြေရမယ်လို့ အခြေခံ ပညာ ဦးစီး ဌာနက ထုတ်ပြန် ထားလို့ ဆရာ ဆရာမတွေက မကျေ မနပ် ဖြစ်နေကြ တာပါ။

ဒီကိစ္စ ဆရာ ဆရာမတွေ ကိုယ်စား ဆရာ ဆရာမများ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးသုတက အခြေခံ ပညာ ဦးစီး ဌာန ညွန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့ကို ဖုန်းနဲ့ရော လူတွေ့ပါ မေးမြန်း ခဲ့ပြီး စာမေးပွဲ မလုပ်ပါဘူးလို့ ပြောခဲ့ ပေမယ့် ခုတော့ သာယာဝတီ ဘက်က ဆရာ ဆရာမ တွေမှာ စာမေးပွဲ ဖြေဖို့ ခုံနံပါတ်နဲ့ စာစစ် ဌာနတွေ အသိ ပေးထားပြီး ဖြစ်တယ် လို့လည်း ပြောပါတယ်။

ရာထူးတိုး ယူမယ့် ဆရာ ဆရာမတွေ အနေနဲ့ အရည်ချင်းစစ် စာမေးပွဲကို ရှောင်ချင်လို့ မဟုတ်ဘဲ အရင်တုန်းက မရှိခဲ့တဲ့ စာမေးပွဲခု ခုမှ လုပ်တာဟာ သူတို့ သင်ကြား တတ်မြောက် ထားတာ တွေကို အသိ အမှတ် မပြုရာ ရောက်လို့ မကျေနပ်ကြတာလို့လည်း ဆရာ ဦးသုတ က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြေခံ ပညာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ရဲ့ ဖုန်းကို ဘီဘီစီက ဆက်သွယ်ပေမယ့် စက်ပိတ်ထားပါတယ်။

ဆရာ ဆရာမများ အဖွဲ့ချုပ်က နောက်ထပ် မကျေနပ် ချက်ကို ပြောပြ တာကတော့ လှိုင် တက္ကသိုလ် နယ်မြေ ရန်ကုန် မင်းဓမ္မလမ်းမှာ တည်ဆောက် နေတဲ့ ပညာရေး ဝန်ကြီး ဌာနပိုင် မြေက ဝန်ထမ်း အိမ်ယာ ဆောက်လုပ်နေတဲ့ လုပ်ငန်းခွင်ကို အရင် အစိုးရ ပညာရေးဝန်ကြီးက ပွင့်လင်း မြင်သာမှု မရှိဘဲ ကုမ္ပဏီ တခုတည်း ကိုသာ ကန်ထရိုက်ပေး ဆောက်နေတဲ့ကိစ္စ ရှင်းလင်း ပေးဖို့ အရင် ပညာရေး ဝန်ကြီးရော ခု ပညာရေး ဝန်ကြီးကိုပါ တောင်းဆို ပေမယ့် ရှင်းလင်း မပေးတဲ့ အကြောင်း ကိုလည်း ပြောပါတယ်။