မန္တလေး မင်္ဂလာစျေး ပြင်မလား၊ အသစ်ဆောက်မလား ဝိဝါဒ ကွဲပြားနေ

mandalay_mingalarzay ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဆိုင်ခန်း ၃၆၀ကျော် မီးလောင် ပျက်စီးခဲ့ပြီး သိန်းပေါင်း တစ်သောင်းကျော် ဆုံးရှုံး ခဲ့။

စျေးလုံးကျွတ်နီးပါး မီးလောင်ခံ ခဲ့ရတဲ့ မန္တလေး မင်္ဂလာစျေး နဲ့ ပတ်သက်ပြီး ဘယ်လို ရှေ့ဆက် လုပ်ဆောင်မလဲ ဆိုတဲ့ အပေါ် မန္တလေး မြို့တော်ဝန် နဲ့ စျေးသူ စျေးသားတွေ အကြား သဘောထား ကွဲ နေကြပါတယ်။

စျေးသူ စျေးသားတွေက စျေးကို ပြင်ဆင်ဖို့ကို လိုလား နေပြီး၊ မြို့တော်ဝန် ဒေါက်တာ ရဲလွင်ကတော့ ပြင်လို့ ကုန်မယ့်ငွေနဲ့ ကြာမယ့် အချိန်ဟာ အသစ်ဆောက်မှာနဲ့ မကွာ လှဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ အသစ် ဆောက်ရေးကို အားသန်ပုံ ရပါတယ်။

ဒါပေမယ့် မြို့တော် စည်ပင်မှာ စျေးသစ် ၄ ထပ်ထက် ပို ဆောက်နိုင်တဲ့ ငွေအင်အား မရှိတာကြောင့် ပြင်ပ လုပ်ငန်းရှင် နဲ့ ပူးပေါင်း ဆောက်လုပ် ရလိမ့်မယ် လို့လည်း မန္တလေး မြို့တော်ဝန်က မေလ ၉ ရက် တနင်္လာနေ့က လုပ်ခဲ့တဲ့ အစည်းအဝေးမှာ စျေးသူစျေးသားတွေကို ပြောခဲ့ပါတယ်။

အဲဒီ့ အစည်းအဝေးမှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်လည်း ရှိနေပြီး ဝန်ကြီးချုပ် ရဲ့ ရပ်တည်မှု ကတော့ ဈေးသူဈေးသားတွေနဲ့ သီးခြား ဆွေးနွေးပြီး အားလုံး သဘောတူမှ မင်္ဂလာစျေး အနာဂတ်ရေး ဖောင်ဆောင်မယ်လို့ ပြောခဲ့ကြောင်း အဲဒီ့ အစည်းအဝေးမှာ ကိုယ်တိုင် ရှိနေခဲ့တဲ့ ဘီဘီစိ သတင်းထောက်က ဆိုပါတယ်။

မင်္ဂလာဈေးကြီးဟာ မတ်၂၂ က မီးလောင်ပြီး ဆိုင်ခန်း နဲ့လူနေ တိုက်ခန်းပေါင်း ၅၅၀ ရှိတဲ့ အထဲက ဆိုင်ခန်း ၃၆၀ကျော် မီးလောင် ပျက်စီးခဲ့ပြီး သိန်းပေါင်း တစ်သောင်းကျော် ဆုံးရှုံး ခဲ့ပါတယ်။

လက်ရှိအနေအထားမှာ ဈေးသည်တွေဟာ လမ်းဘေးမှာ ဖြစ်သလို ဈေးရောင်း နေကြ ရပါတယ်။

မြို့တော်ဝန်ကတော့ မကြာခင်မှာ ဈေးနဲ့ အလှမ်းမဝေးတဲ့ ၃၅ လမ်းပေါ်က ဂေါ်ရာကွင်းလို့ ခေါ်တဲ့ မဟာနွယ်ဇင် အားကစားကွင်းမှာ ယာယီဈေးကို စည်ပင်သာယာက အကုန်ကျခံ ဆောက်ပေးမယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ