ကချင်ဒေသ စီမံကိန်းတွေကြောင့် နစ်နာသူတွေ သတင်းစာရှင်း

ဓာတ်ပုံ မူပိုင် AP
Image caption မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ဟူးကောင်းဒေသ ယုဇန ကုမ္ပဏီရဲ့ လုပ်ကွက်တွေကြောင့် ဒေသခံ သောင်းနဲ့ချီ ထိခိုက်နစ်နာ

ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာစီမံကိန်းကြောင့် ကျေးရွာ ရွှေ့ပြောင်းခံရသူတွေရဲ့ နစ်နာချက်တွေ၊ ဟူးကောင်းဒေသမှာ ယုဇနကုမ္ပဏီနဲ့ လယ်သမားတွေအကြား ဖြစ်ပွားနေတဲ့ ပြဿနာအကြောင်းတွေကို နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာနဲ့ ပတ်သက်လို့ MRJ ကချင် အကျိုးပြု အဖွဲ့က ရန်ကုန်မြို့မှာ မနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဟူးကောင်း တောင်သူတွေနဲ့ ယုဇန ကုမ္ပဏီကြား လွန်ခဲ့တဲ့၈နှစ်က ဖြစ်ပွားခဲ့တဲ့ လယ်ယာမြေ ပြဿနာကို ကုမ္ပဏီဘက်က ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိပဲ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဖားကန့်မြို့နယ်အတွင်း ယုဇန ကုမ္ပဏီက လယ်ယာမြေတွေကို အရှိန်အဟုန်ပြင်းစွာ ပြန်လုပ်ဆောင်လာနေတာ တွေ့ရတယ်လို့ MRJ အဖွဲ့က ဉီးအောင်လတ်က ပြောပါတယ်။

တခါ မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် အတင်းအဓမ္မ ရွှေ့ပြောင်းခံရသူ ဒေသခံတွေအနေနဲ့ သက်မွေးဝမ်းကျောင်း ပညာရေးနဲ့ ကျန်းမာရေး ပြဿနာတွေကို ရင်ဆိုင်နေရတာ ၅နှစ်တာ ရှိသွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်အစိုး ယာယီ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ထာဝရ ရပ်တန့်ပေးဖို့ နဲ့ ယုဇန ကုမ္ပဏီက သိမ်းထားတဲ့ လယ်မြေတွေ အမြန်ဆုံး ပြန်ပေးအပ်ဖို့တွေကို ဆောင်ရွက်ပေးဖို့ သမ္မတထံ အခုလို အိတ်ဖွင့်စာ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ MRJ အဖွဲ့က ဒေါ်ဂျာခေါန် က ဘီဘီစီကို ပြောပါတယ်။