ရပ်ကျေးဥပဒေပြင်ဖို့ လွှတ်တော်မှာ ဆွေးနွေးမယ်။

Image caption ရပ်ကျေးဥပဒေဟာ အဆင့်ဆင့် ပြင်ဆင်ရေးဆွဲ အတည်ပြုထားတာမို့ ပြန်ပြင်ဖို့ မရှိဘူးလို့ ပြည်ထဲရေး ဒုဝန်ကြီးကပြော

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်ဖို့နဲ့ ပတ်သက်လို့ အခု သီတင်းပတ်အတွင်း လွှတ်တော်မှာ အခြေအတင် ဆွေးနွေးမှုတွေ လုပ်ဖို့ ရှိနေပါတယ်။

လောလောဆယ်မှာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးရဲ့ မူလ ဥပဒေပါ အချက်တွေ ပြင်ဆင်ဖို့ ဦးရွှေမန်း ရဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်မှာ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကတော့ ရပ်ကျေးဥပဒေဟာ အဆင့်ဆင့် ပြင်ဆင်ရေးဆွဲပြီး အတည်ပြုထားတဲ့ ဥပဒေမို့ လတ်တလောမှာ သူတို့ဝန်ကြီးဌာန အနေနဲ့ ပြင်ဖို့ မရှိဘူးလို့ ပြောထားပါတယ်။

လွှတ်တော်ကို တင်ဖို့ ရှိနေတဲ့ ပြင်ဆင်ချက်တွေမှာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ ပုံစံတွေ ပြောင်းဖို့ အပါအဝင် အချက် (၇)ချက် လောက်ကို ပြင်ဆင်မှာ ဖြစ်သလို ဧည့်စာရင်း တိုင်ကြားခြင်းဆိုင်ရာ ပုဒ်မ (၁၇)နဲ့ ဆက်စပ်ပုဒ်မ အကုန်လုံးကို လုံးဝ ပယ်ဖျက်ဖို့တွေ ပါဝင်ပါတယ်။

အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကတော့ ဒီအချက်တွေအပြင် ရပ်ကျေးဥပဒေမှာ အချက်ပေါင်း (၃၀)ကျော် ပြင်ဖို့လိုတယ်လို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြောခဲ့ပါတယ်။

ရပ်ကျေးဥပဒေ ပြင်ဆင်ဖို့ နဲ့ ပတ်သက်လို့ လွှတ်တော်အနေနဲ့ အရပ်ဖက်အဖွဲ့တွေ ပြင်ပ အဖွဲ့အစည်းတွေရဲ့ အကြံဉာဏ်ကို ရယူမှာ ဖြစ်သလို ပြည်ထဲရေးဝန်ကြီးဌာန ၊ ဥပဒေကြမ်း ကော်မတီတွေနဲ့ တွေ့ဆုံ ပြီး ဆွေးနွေးမှုတွေ လုပ်မယ်လို့ ဥပဒေပြင်ဖို့ အဆိုတင်သွင်းခဲ့တဲ့ အမျိုးသား လွှတ်တော်အမတ် ဦးမင်းဦးက ပြောပါတယ်။

လောလောဆယ်မှာ ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် မှာ ဆွေးနွေးထားတဲ့ ပြင်ဆင်ချက်တွေ အပါအဝင် ပြင်ဆင်လိုတဲ့ ပုဒ်မ အကြောင်းအရာတွေကို အမျိုးသား လွှတ်တော် အစည်းအဝေးမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမယ်လို့ သိရပါတယ်။