စေတီတည်တဲ့မြေကို မလှူဘူးလို့ ခရစ်ယာန်ဖက်ကဆို

  • 10 မေ 2016
Image caption ခရစ်ယာန်တွေက စေတီ တည်တာကို ရပ်ဖို့ မေတ္တာ ရပ်ခံနေ

ကရင် ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်၊ ကွမ်းတော ရွာမှာ ရှိတဲ့ အင်ဂလီကန် ခရစ်ယန် ဘုရားကျောင်း ထဲမှာ မြိုင်ကြီးငူ ဆရာတော် က စေတီ ဝင်ရောက် တည်တဲ့ ကိစ္စမှာ အဲဒီ မြေနေရာကို စွန့်လွှတ်မှာ မဟုတ်ကြောင်း အင်ဂလီကန် ဘုန်းတော်ကြီး ဘစ်ရှော့ စတိုင်လို က ပြောပါတယ်။

အင်ဂလီကန် ဘုရားကျောင်းက စေတီ တည်ထားတဲ့ မြေကို လှူလိုက်တယ် ဆိုတဲ့ သတင်း တွေထွက်နေပေမယ့် အဲဒါဟာ မမှန်ကန်ကြောင်း ဘစ်ရှော့ စတိုင်လိုက ဘီဘီစီကို ပြောပါတယ်။

မေလ ၉ ရက်နေ့ က အဲဒီ နေရာကို သာသနာရေး ဝန်ကြီး သူရ ဦး အောင်ကို နဲ့အဖွဲ့ လာရောက်ကြည့် ရှုခဲ့ပြီး ခရစ်ယာန် ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ဒါပေမယ့် မြိုင်ကြီးငူ ဆရာတော်ကိုတော့ တွေ့ဆုံ နိုင်ခဲ့ခြင်း မရှိပါဘူး။

ဆရာတော်ဟာ မကျန်းမာဘူး ဆိုတဲ့သတင်း တွေလည်း ထွက်ပေါ်ခဲ့ ပါတယ်။

ဘစ်ရှော့ စတိုင်လိုကတော့ ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ကို တွေ့ဖို့သွားတော့ မရှိဘူးလို့ဆိုခဲ့ပေမယ့် နာရီဝက်အကြာမှာ မြိုင်ကြီးငူ ဆရာတော် ပြန်ရောက်လာခဲ့တယ် လို့ဆိုပါတယ်။

ဒါကြောင့် အာဏာပိုင်တွေ အနေနဲ့ မြိုင်ကြီးငူ ဆရာတော်နဲ့ တွေ့ခွင့်ရဖို့ အကြိမ်ကြိမ် ကြိုးစားသင့်တယ်လို့ပြောပါတယ်။

အာဏာပိုင်တွေ အနေနဲ့ မြိုင်ကြီးငူ ဆရာတော်နဲ့ တွေ့နိုင်အောင် ကြိုးစား ဆောင်ရွက် မှသာ ဒီပြဿနာကို ဖြေရှင်း နိုင်မှာ ဖြစ်တယ်လို့ ဘစ်ရှော့စတိုင်လို ကပြောပါတယ်။