ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ အဖွဲ့တွေတွေ့

ဓာတ်ပုံ မူပိုင် moi
Image caption နိုင်ငံတကာ အဖွဲ့အစည်းတွေအကြား ဆောင်ရွက်မယ့် အလားအလာတွေကို ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောပြ

မြန်မာနိုင်ငံတွင်းမှာ အခြေစိုက် လှုပ်ရှားနေကြတဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အကြား ပိုမို ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ မေလ ၁၁ရက်နေ့က တွေ့ဆုံစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေ လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီပေးတဲ့ အစီအစဉ်တွေ ရည်မှန်းထားသလို အကောင်အထည် ပေါ်လာစေရေး၊ နိုင်ငံတကာ အဖွဲ့နဲ့ အစိုးရကြား နောက်ထပ် ဘာတွေ ပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာတွေကို အဲဒီ ဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စီမံကိန်းတွေ အောင်မြင်ဖို့အတွက် အများပြည်သူရဲ့ ယုံကြည်မှု ရဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ အစည်းအဝေးမှာ ကိုယ်တိုင် ပါဝင် တက်ရောက်ခဲ့တဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO ရဲ့ ညှိနှိုင်း ဆက်ဆံရေး အရာရှိ ပိယားမန်း ပိချိုင်ဝေါန်ဂ် က ဘီဘီစီကို ပြောပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးနှစ်ဘက်လုံး အတွက် အဆင်ပြေစေနိုင်မယ့် ဥပဒေနဲ့ အခြေအနေမျိုးတွေ ဖန်တီးပေးပြီး ကြားဝင် ညှိနှိုင်း ဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ အရေးကြီးပုံကို သဘော ပေါက် ထားတာ တွေ့ရကြောင်းနဲ့ အလုပ်သမားတွေကို ဥပဒေနဲ့အညီ အခွင့်အရေး အပြည့်အဝ ရရှိခံစားနိုင်ရေး အပါအဝင် အစိုးရက ဦးစားပေး ဆောင်ရွက်မယ် ဆိုတဲ့ အဓမ္မ လုပ်အားခိုင်းစေမှု လုံးဝ ပပျောက်သွားရေး ကိစ္စတွေ မှာ ILO အနေနဲ့ အစိုးရကို အတတ်နိုင်ဆုံး ကူညီ သွားမယ်လို့ သူက ပြောပါတယ်။