စစ်ကိုင်းအလုပ်သမားတွေ နေပြည်တော်ဆီ ဆက်ချီတက်မယ်

Image caption အလုပ်ဖြုတ်ခံရသူတွေ အကုန်လုံး အလုပ်ပြန်ရဖို့ကို စစ်ကိုင်း အလုပ်သမားတွေ တောင်းဆိုနေ

အလုပ်ဖြုတ်ခံရလို့ စစ်ကိုင်းကနေ နေပြည်တော်အထိ လမ်းလျှောက် ချီတက် ဆန္ဒပြနေတဲ့ အလုပ်သမားတွေဟာ အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့ မေလ ၁၁ရက်နေ့က တွေ့ဆုံ ညှိနှိုင်းခဲ့ပေမယ့် သဘောတူချက် တစုံတရာ မရခဲ့ပဲ ချီတက် ဆန္ဒပြတာကို ပြန်လည် စတင်မယ်လို့ အလုပ်သမားတွေဘက်က ပြောလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ပတ္တမြား စက်မှုဇုံမှာရှိတဲ့ အိန္ဒိယနိုင်ငံသားပိုင် Myanmar veneer သစ်အခြေခံ စက်ရုံ လုပ်သား၁၀ဝနီးပါးဟာ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၁၆၂ ယောက် အလုပ်ပြန်ခန့်ရေးအတွက် ရက်ပေါင်း၆၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြပြီး စက်ရုံ တာဝန် ရှိသူတွေနဲ့ ဆွေးနွေး ညှိနှိုင်းလို့ မရတဲ့အတွက် ဧပြီ၂၉ ရက်နေ့ကစပြီး နေပြည်တော်ကို လမ်းလျှောက် ချီတက်လာကြတာပါ။

အစိုးရနဲ့ ညှိနှိုင်းနေစဉ် ဝမ်းတွင်းမြို့ ဘုန်းကြီးကျောင်းမှာ ၅ရက်ကြာ စခန်းချ ရပ်နားနေခဲ့အပြီး အစိုးရနဲ့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ထပ်မံတွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ခဲ့တာပါ။

အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား (၁၆၀) လောက်ထဲက (၅၆)ဦးကို စစ်ကိုင်းစက်မှုဇုန်မှာရှိတဲ့ စက်ရုံတွေမှာ အလုပ်ပြန်ခန့် ပေးဖို့ စစ်ကိုင်းတိုင်းအစိုးရက လုပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့တာကို အလုပ်သမားတွေဘက်က လက်မခံခဲ့ပဲ အဖြုတ်ခံရသူ အားလုံး အလုပ်ပြန်ခန့်ပေးပြီး အလုပ်ရှင်ကို အရေးယူပေးမှသာ ချီတက်ဆန္ဒပြတာကို ရပ်ပေးမယ်လို့ ပြောပါတယ်။

အစိုးရနဲ့ အလုပ်ရှင်တွေက ညှိနှိုင်းမှုတွေ ထပ်လုပ်တယ်ဆိုရင်လည်း အလုပ်သမားတွေ အနေနဲ့ ချီတက်မှုကို ရပ်နားပေးတော့မှာ မဟုတ်ပဲ သူတို့ တောင်းဆိုထားတဲ့ အလုပ်ဖြုတ်ခံရသူတွေ အကုန်လုံး အလုပ်ပြန်ရဖို့ နဲ့ အလုပ်ရှင်ကို အရေးယူပေးဖို့ ဆိုတဲ့ အဓိကအချက်(၂)ခု ရမှသာ ဆန္ဒပြတာကို အဆုံးသတ်မယ်လို့ ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။