ည ၁၁ နာရီဆိုင် ပိတ်ဖို့ ဘယ်သူအမိန့်ထုတ်

Yangon night shop
Image caption ညဖက် စည်ကားနေတတ်တဲ့ ဆိုင်တွေ စောစော ပိတ်ရတော့မှာဖြစ်

ရန်ကုန်မှာ စားသောက်ဆိုင် ကေတီဗီ နဲ့ ဘား ဆိုင်တွေကို ည(၁၁)နာရီ နောက်ဆုံးထား ပိတ်ဖို့ ညွှန်ကြားချက်တစ်ခု မေလ ၁ ရက် နေ့က စလို၌ ထွက်လာခဲ့တယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

အဲဒီအမိန့်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကနေ ရက်(၁၀၀) စီမံကိန်း ဆိုပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ထားသူတွေကတော့ အစောကြီး ပိတ်ရတာ အဆင်မပြေဘူးလို့ ပြောပါတယ်။

ရန်ကုန် ရွှေဂုံတိုင်က ပွင့်သစ်ဆန်း စားသောက်ဆိုင်ရဲ့ မန်နေဂျာ ဦးနန်းဝင်းကတော့ နေ့ခင်းဖက် အလုပ်လုပ်ကြပြီး ညနက်မှ အလုပ်ပြီးသူတွေ လာရောက် အပန်းဖြေကြတာ ရှိတဲ့အတွက် ၁၁ နာရီဆိုတာ စောနေကြောင်း၊ မနက် ၁ နာရီလောက်လို့ သတ်မှတ်ရင် စီးပွားရေးလုပ်ငန်းတွေ အတွက် အဆင်ပိုပြေနိုင်ကြောင်း ပြောပါတယ်။

ရန်ကုန်တိုင်းထဲမှာ မှုခင်းကျဆင်းရေးအတွက် မြို့နယ်တိုင်းမှာ ညွှန်ကြားချက်တွေ ထုတ်တာဖြစ်ပြီး စည်းကမ်းချက်ကို လိုက်နာမှု မရှိရင် အရေးယူဆောင်ရွက်မယ်ဆိုပြီး ရဲတပ်ဖွဲ့က ပြောပါတယ်။

Image caption ညဖက် အလုပ်အပြီး ပြန်လာသူတွေနဲ့ စည်ကားနေတတ်တဲ့ တရုတ်တန်းစျေးမြင်ကွင်း

အလုံမြို့နယ်စခန်းမှူး ဒုရဲမှူး ဦးတင်လှ ကတော့ ပြစ်မှု ကျူးလွန်သူတွေက ဆိုင်တွေမှာ စုဝေးကြပြီး လူရှင်းချိန်မှာ အပြင်ထွက် ပြစ်မှု ကျူးလွန်မှုတွေ ရှိတာကြောင့် တားမြစ်နိုင်အောင် စီစဉ်ရတာလို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းကတော့ ဒီအမိန့်ကို ရန်ကုန်တိုင်းအစိုးရက ထုတ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနဲ့လည်း အစိုးရအဖွဲ့က ဆုံးဖြတ်ပြီး အမိန့်ပေးမှ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ အခုအထိ အစိုးရအဖွဲ့က ည ၁၁ နာရီမှာ ဆိုင်တွေ ပိတ်သိမ်းဖို့ ညွှန်ကြားချက်ပေးတာမျိုး မရှိကြောင်း ပြောပါတယ်။

ဒါပေမယ့် ခုအတိုင်းဆိုရင် ရဲက အမိန့်ထုတ်ထားတဲ့အတွက် ည(၁၁) နာရီ ဆိုရင် ဆိုင်တွေက ပိတ်ပေးရဖို့ ဖြစ်နေပါတယ်။ ဆိုင်ဖွင့်ထားတဲ့ လုပ်ငန်းရှင်တွေကတော့ သူတို့ အခက်အခဲကိုလည်း စဉ်းစားပေးစေချင် နေကြပါတယ်။