၃ ရက်အတွင်း ရိုဟင်ဂျာ မရှိကြောင်း ကြေညာဖို့ အစိုးရကို တောင်းဆို

Monk Protest
Image caption ရိုဟင်ဂျာလို့ ခေါ်တာ မြန်မာလူမျိုးကို မလေးမစားလုပ်တာလို့ဆို

မန္တလေး အခြေစိုက်တဲ့ ဝံသာနု ရက္ခိတ စနေအသင်းနဲ့ မျိုးချစ် မြန်မာ ရဟန်းတော်များ သမဂ္ဂအဖွဲ့ဝင် သံဃာ ၅၀ လောက် ဦးဆောင်တဲ့ အမျိုးသားရေး လှုပ်ရှားသူ ၅၀၀ လောက်ဟာ မန္တလေး နန်းရှေ့အားကစားကွင်းကနေ တိုင်းဒေသကြီးအစိုးရရုံးနားထိ လမ်းလျှောက်ဆန္ဒပြကြပါတယ်။

အနော်ရထာ မင်းကြီးပုံပါ တီရှပ်မှာ ရိုဟင်ဂျာဆိုတာ မြန်မာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မရှိဆိုတဲ့ အဖြူရောင် တီရှပ်တွေနဲ့ ရိုဟင်ဂျာ အလိုမရှိ ဆိုတဲ့ နဖူးစီး အဝါတွေ တပ်ဆင်ပြီး ၆၂လမ်း အတိုင်း လမ်းလျှောက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

မျိုးချစ်မြန်မာရဟန်တော်များသမဂ္ဂက အတွင်းရေးမှူး ဦစန္ဒာသီရိက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သုံးတာဟာ မြန်မာ နိုင်ငံကို မလေး မစား စော်ကား တာလို့ ဆိုပါတယ်။ လက်ရှိ အမျိုးသား ဒီမိုကရေစီ အစိုးရသစ် အနေနဲ့ ရိုဟင်ဂျာ လူမျိုး မြန်မာ နိုင်ငံမှာ မရှိကြောင်းကို ၃ ရက် အတွင်း ကြေညာ ပေးရမယ်လို့ ဦးစန္ဒာသီရိက ဆိုပါတယ်။ ၃ ရက် အတွင်း မကြေညာရင် သပိတ်စခန်း ဖွင့်မယ်လို့ ဆိုပါတယ်။

ဆန္ဒပြ သူတွေဟာ တိုင်းဒေသကြီး အစိုးရရုံး ရှေ့ထိ အစက ချီတက် ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းပြီး ရုံးနားမရောက်ခင် ၆၂ လမ်းနဲ့ ၂၆ လမ်းဒေါင့်မှာဘဲ လူစုခွဲခဲ့ကြပါတယ်။ ရခိုင်ပြည်မှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီးနောက် အခုလို ရိုဟင်ဂျာ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တိုးပွားလာတာ ဖြစ်ပါတယ်။