ကာချုပ် အငြိမ်းစားမယူသေး

  • 13 မေ 2016
ဓာတ်ပုံ မူပိုင် Ka Ka Pyi
Image caption တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်တွင်း အခြေစိုက် မီဒီယာတချို့နဲ့တွေ့

မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စာနယ်ဇင်းကောင်စီက တာဝန်ရှိသူတွေ ပြည်တွင်း အခြေစိုက် မီဒီယာတချို့နဲ့ မေလ၁၃ရက် ဒီကနေ့ နေပြည်တော်မှာ နှစ်နာရီခွဲ နီးပါးလောက် တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ရဲ့အကြီးအကဲဟာ သမ္မတ ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံတော် အကြီးအကဲရဲ့ လက်အောက်မှာ ရှိတဲ့အတွက် အရပ်သားသမ္မတကြီးနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

သူအနေနဲ့လာမယ့် ဇူလိုင်လမှာ အသက် ၆၀ ပြည့်မှာဖြစ်ပေမယ့် အငြိမ်းစားမယူသေးဘူးဆိုတာကိုလည်း တွေ့ဆုံပွဲမှာ အတိအလင်း ပြောကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အငြိမ်းစားအသက်ကို ၆၅ နှစ်ထိ သက်တမ်းတိုးလိုက်တယ်လို့ သတင်းတွေထွက်နေတာ နဲ့ပတ်သက်လို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာတော့ ကာကွယ်ရေးဌာနကောင်စီ (ကကန)ရဲ့ ၁၉၇၃ ခုနှစ်က ထုတ်ထားပြီး အခုအချိန်ထိ အတည်ဖြစ်နေဆဲဖြစ်တဲ့ အမိန့်အရ ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခံရသူဟာ စစ်ဘက်ဆိုင်ရာ ဆက်လက်အမှုထမ်းဖို့အတွက် လိုအပ်တဲ့ ကာလပတ်လုံး စစ်မှုထမ်းရမယ်လို့ ဖေါ်ပြထားကြောင်း၊ ဒါဟာ အသက် အကန့်အသတ်မရှိတဲ့ သဘော ဖြစ်နေတဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အငြိမ်းစားယူရမယ့် အသက်ကို အခုလို ကန့်သတ်လိုက်တာလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်ဖြေခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တပ်မတော်သားတွေရဲ့လုပ်ငန်းသဘာဝအရ ထူးခြားမှုရှိတဲ့အလျောက် တပ်မတော်သားတွေ အတွက်တပ်မတော်ဆိုင်ရာ ဥပဒေများနဲ့ အညီဆောင်ရွက်ရမယ်လို့ ပြဌာန်းထားကြောင်းနဲ့ တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်အားလုံးကို လွတ်လပ်စွာ စီရင်ဆောင်ရွက် ပိုင်ခွင့် ရှိတယ်လို့ ရေးသားထားကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတအနေဖြင့် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)ရဲ့သဘောတူညီချက်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်သည်လို့လဲပြဌာန်းထားပါတယ်။

ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ရေးဟာ နောင်တချိန်မှာ အငြင်းပွါးစရာရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။