အမေရိကန် ရင်းနှီးမြှုပ်နှံမှုလာတော့မယ်

  • 14 မေ 2016
myanmar economy ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် ဆန်ရှင်ရုတ်ပြီး အထည်ချုပ်လုပ်ငန်း ပြန်တိုးတက်လာခဲ့

မြန်မာနိုင်ငံအပေါ်ချမှတ် ထားတဲ့ ဆန်ရှင် အရေးယူဆောင်ရွက်မှုတွေ ကို လာမယ့် သီတင်းပတ် အတွင်းမှာ အမေရိကန် အစိုးရ က ပြန်သုံးသပ်ဖို့ ရှိနေပြီး ရင်းနှီးမြှုပ်နှံမှုတွေ ကုန်သွယ်ရေးတွေ အတွက်အားပေးသွားဖို့ ရှိတယ် လို့ အမေရိကန် ထိပ်တန်းအရာရှိတွေရဲ့ အပြောတွေ ကို ကိုးကားပြီး ရိုက်တာ သတင်းထဲမှာ ရေးသားထားပါတယ်။

တချို့ကုမ္ပဏီတွေ ကို အထူးကုန်သွယ်ရေးအခွင့်အရေးတွေ ပေးနိုင်ပြီး ပစ်မှတ်ထား အရေးယူ ထားတဲ့ ပုဂ္ဂိုလ်တွေစာရင်းထဲကနေ တချို့ကို ဖယ်ရှားပေးနိုင်တယ် လို့ အမေရိကန် ထိပ်တန်းအရာရှိတွေ က ပြောနေပါတယ်။

မြန်မာပြည်က စစ်ခေါင်းဆောင်တွေ နိုင်ငံရေး ပြုပြင်ပြောင်းလဲ တာတွေ လုပ်ခဲ့ပြီးနောက်ပိုင်း ၂၀၁၁ လောက် က စလို့ အမေရိကန် က ဆန်ရှင် တွေ တဖြည်းဖြည်း လျော့ချ လာခဲ့ပါတယ်။

မြန်မာနိုင်ငံ က အထည်တွေ တင်သွင်းလာရင် GSP အထူးကုန်သွယ်ခွန်လျော့ချပေးတာ တွေ ကိုလည်း ပြန်လုပ်ပေးခဲ့ပြီး ပုဂ္ဂိုလ်တဦးချင်းအလိုက် ပစ်မှတ်ထား ဆန်ရှင်လုပ်ထားတာတွေ ကိုလည်း ပယ်ဖျက်ပေးခဲ့တာ တွေ ရှိပါတယ် ။

သို့သော်လည်းအမေရိကန် ဆန်ရှင်ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ငွေကြေး လွဲပြောင်းတဲ့ အရေးမှာ အခက်အခဲများစွာ တွေ့နေရဆဲပါ။

လာမည့် သီတင်းပတ် အတွင်း အမေရိကန် က ပြောင်းလဲမယ့် အရေးယူဆောင်ရွက်ချက် တွေ ကို မြန်မာ့စီးပွားရေး အသိုင်းအဝိုင်း က အထူး စောင့်ကြည့်နေမှာတော့ အမှန်ပါ။