ထိုင်းငါးဖမ်းလှေပေါ်က လစာမဲ့ မြန်မာအလုပ်သမားတွေကို ကယ်ဆယ်

ဓာတ်ပုံ မူပိုင် epa
Image caption ထိုင်းငါးဖမ်းလှေတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမား အများအပြား ခေါင်းပုံဖြတ်ခံနေရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ကီလိုမီတာ ၇ရာကျော် ဝေးတဲ့ ခနွန်မြို့မှာ ဆိုက်ကပ်ထားတဲ့ ထိုင်းငါးဖမ်းလှေပေါ်မှာ ၃နှစ်ကျော် ၄နှစ်နီးပါး လခ မရပဲ ခိုင်းစေခံနေရတဲ့ မြန်မာ အလုပ်သမား ၁၃ယောက်ကို MAT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ ဒါရိုက်တာ ဉီးကျော်သောင်းနဲ့အတူ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေက ဒီကနေ့ မေလ ၁၅ရက်နေ့က သွားရောက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ရာဘာခြံမှာ အလုပ်ရမယ် ဆိုပြီး ပွဲစားက မြန်မာနိုင်ငံထဲကနေ ထိုင်းနိုင်ငံထဲ ခေါ်လာပြီး ထိုင်းငါးဖမ်းလှေတွေပေါ် တင်ခဲ့တာ ဖြစ်ကြောင်း၊ ထိုင်းစကားလည်း မတတ်၊ အသိ မိတ်ဆွေ၊ ဆွေမျိုးသားချင်းလည်း မရှိတဲ့အတွက် ကြောက်ရွံ့ပြီး ထိုင်းငါးဖမ်းလှေတွေပေါ်မှာ အလုပ်လုပ်ခဲ့ရတယ်လို့ ခနွန် ရဲစခန်းမှာ ရောက်နေတဲ့ အဲဒီ မြန်မာ အလုပ်သမားတွေထဲက တဉီးဖြစ်တဲ့ ကိုခင်မောင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီပွဲစားက ငါးဖမ်းလှေပိုင်ရှင်ဆီကနေ ဘတ်ငွေ တသောင်းရှစ်ထောင် ယူသွားပြီး သူ့ကို ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ငွေကျေပြီးတာတောင် ငါးဖမ်းလှေပိုင်ရှင်က နှစ်နဲ့ချီ လစာငွေ မပေးပဲ ခိုင်းနေတာကို ခံခဲ့ရတယ်လို့ ကိုခင်မောင်ဝင်းက ပြောပြပါတယ်။

ငါးဖမ်းလှေပေါ်ကနေ ထွက်ပြေးသူတွေကို ရိုက်နှက် ဖမ်းဆီးပြီး လှေပေါ်မှာ အတင်းပြန်ဆွဲခေါ် အလုပ်လုပ်ခိုင်းတယ်လို့ ဆိုပါတယ်။

မိုဘိုင်းဖုန်းပေါ်ကနေတဆင့် Facebook စာမျက်နှာတွေပေါ်မှာ ထိုင်းမှာရှိတဲ့ မြန်မာ လူမှုရေး အဖွဲ့တွေရဲ့ ဖုန်းနံပတ်တွေကို မှတ်ပြီး ဆက်သွယ် အကူအညီ တောင်းခဲ့ရာကနေ အခုလို လွတ်မြောက်လာတာလို့ ထိုင်းငါးဖမ်းလှေပေါ်မှာ ၃နှစ်ကျော် ၄နှစ်နီးပါး လခ မရပဲ ခိုင်းစေခံနေရတဲ့ မြန်မာ အလုပ်သမား ကိုခင်မောင်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၈ရက်နေ့ကလည်း ဖူးခက် ငါးဖမ်းလှေဆိပ်မှာ အခန်းတခန်းထဲမှာ ပိတ်လှောင်ထားတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၃၂ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ MAT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ ဒါရိုက်တာ ဉီးကျော်သောင်းက ပြောပါတယ်။