၂၁ရာစု ပင်လုံညီလာခံအတွက် ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်နေပြီ

dassk_peace_conference_preparation
Image caption ၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လထဲ ကျင်းပနိုင်ဖို့ အာဏာပိုင်တွေ ဘက်က အခုလို အရှိန်မြှင့် ဆောင်ရွက် လာ။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက် အကြို ပြင်ဆင်ရေး ကော်မတီတစ်ရပ် အပြင် ဆပ်ကော်မတီ နှစ်ခုလည်း ဖွဲ့စည်း ထားရှိမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူမှု NCA ထဲ ပါဝင်လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ် မရေးထိုးရ သေးတဲ့ အဖွဲ့တွေကြား ညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ်နိုင်ဖို့ သီးခြား ဆပ်ကော်မတီ နှစ်ရပ် ဖွဲ့မှာ ဖြစ်တယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ အစိုးရ ကိုယ်စားလှယ်တွေ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထဲ ပါဝင်ပတ်သက် နေသူတွေနဲ့ နေပြည်တော် သမ္မတ စံအိမ်မှာ မေလ ၁၆ ရက် တနင်္လာနေ့က တွေ့ဆုံတုန်း ပြောကြား ခဲ့တာပါ။

အဲဒီ့ ကော်မတီနဲ့ ဆပ်ကော်မတီတွေကို အခု သီတင်းပတ် ထဲမှာပဲ အပြီး ဖွဲ့စည်းမယ်လို့လည်း ဆိုပါတယ်။

လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေး ကြတဲ့ အခါ ရှိနှင့်ပြီး NCA အပေါ် အခြေခံ ပြီး ပြောင်းလွယ် ပြင်လွယ် ဆွေးနွေးမှာ ဖြစ်သလို၊ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် မူဘောင် တွေကိုလည်း ပြန်လည် သုံးသပ် ပြင်ဆင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင်၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်ဖို့ အရင် အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့တဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC ကို ပြောင်းလဲ ပြင်ဆင်ပြီး နာမည်သစ် တစ်ခုနဲ့ အစိုးရ ဝန်ကြီးဌာနအောက် ထားရှိ လာမှာ ဖြစ်ပါတယ်။

MPC ကို အသွင်ပြောင်းပြီး အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ဆိုတဲ့ နာမည်နဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အောက်မှာ ထားရှိမှာ ဖြစ်ပြီး၊ အဲဒီ့ဌာနမှာ အစိုးရ၊ စစ်တပ်၊ ရှေ့ နေချုပ်ရုံး နဲ့ MPC က လူဟောင်းတချို့ ပါဝင်မှာ ဖြစ်ပါတယ်။

ရှေ့လာမယ့် သီတင်း ပတ်ထဲမှာ ရှိလက်စ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC ရဲ့အစည်းအဝေး ကျင်းပဖို့ စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ပါဝင် တက်ရောက်ဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောထားသလို ၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လထဲ ကျင်းပနိုင်ဖို့ အာဏာပိုင်တွေ ဘက်က အခုလို အရှိန်မြှင့် ဆောင်ရွက် လာနေချိန်မှာပဲ ရခိုင်၊ရှမ်းနဲ့ ကချင် တို့လို့ တိုင်ရင်းသား ဒေသတွေထဲက နေရာ တချို့မှာတော့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ် နေပြီး စစ်ဘေး ဒုက္ခသည်တွေ အရေအတွက်လည်း တိုးပွား လာနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ