ဘရာဇီးလ် သမ္မတရုံး အကြီးအကဲဟောင်း ထောင်၂၃နှစ်ကျ

ဓာတ်ပုံ မူပိုင် ABr
Image caption ဂျိုဆေး ဂျီယာဆေအိုဟာ သမ္မတဟောင်း လူလာ ဒါ ဆေးလ်ဗာနဲ့ အရင်းနှီးဆုံး အကြံပေး ပုဂ္ဂိုလ်တွေထဲက တဉီးဖြစ်

ဘရာဇီးလ်နိုင်ငံမှာ သမ္မတရုံး အကြီးအကဲဟောင်း ဂျိုဆေး ဂျီယာဆေအို ကို အဂတိ လိုက်စားမှု၊ ငွေကြေး ခဝါချမှု၊ အကွက်ချ ကြံစည်မှု စွဲချက်တွေနဲ့ တရားရုံးက ထောင်ဒဏ် ၂၃နှစ် ချမှတ်လိုက်ပါတယ်။

မစ္စတာ ဂျီယာဆေအို ဟာ အစိုးရပိုင် Petrobras ရေနံ ကုမ္ပဏီမှာ ဒေါ်လာ ၂ဘီလျံကျော် အရှုံးပေါ်ခဲ့ရတဲ့ မသမာတဲ့ ငွေကြေး စီမံကိန်းတခုမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့ ပြစ်မှု ထင်ရှားခဲ့တာပါ။

သူဟာ အရင် သမ္မတဟောင်း လူဝိဇ် အင်နာချီယို လူလာ ဒါ ဆေးလ်ဗာ နဲ့ အရင်းနှီးဆုံး အကြံပေး ပုဂ္ဂိုလ်တွေထဲက တဉီး ဖြစ်ပါတယ်။

ဒါပေမယ့် အဂတိလိုက်စားမှု စွပ်စွဲချက်တွေ စပေါ်ထွက်လာလာချင်းမှာပဲ အလုပ်ကနေ အထုတ်ခံခဲ့ရတာပါ။

သူ့ရဲ့ နေရာမှာ ဂျေလ်မာ ရူဆက်ဖ်ကို အစားထိုး ခန့်ခဲ့တာ ဖြစ်ပြီး အဲဒီနောက် ဂျေလ်မာ ရူးဆက်ဖ် သမ္မတ ဖြစ်လာခဲ့တာပါ။

မစ္စတာ ဂျီယာဆေအို က သူ့အပေါ် စွပ်စွဲထားချက်တွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပြီး သူ့မှာ ဘာအပြစ်မှ မရှိဘူးလို့ ပြောပါတယ်။