အမေရိကန် ဒဏ်ခတ် ပိတ်ဆို့မှု လျှော့ချ

  • 18 မေ 2016
myanmar economy
Image caption အမေရိကန် စီးပွားရေးပိတ်ဆို့မှု လျှော့ချ

အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို ဖြေလျှော့ပေးလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာအစိုးရပိုင် စီးပွားရေး လုပ်ငန်း ၇ခု နဲ့ အစိုးရဘဏ် ၃ခုကို နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးလိုက်ပြီဖြစ်ပြီး ကုန်သွယ်ရေးနဲ့ စီးပွားရေး အရောင်းအဝယ် လုပ်ငန်းတွေကို အကူအညီပေးဖို့အတွက် စည်းမျဉ်း သတ်မှတ်ချက် တွေကို ပြင်ဆင်ပေးမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဌာနက ထုတ်ဖော် ကြေညာလိုက်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှု ကနေ ပယ်ဖျက်ပေးလိုက်တဲ့ ဘဏ်တွေ ကတော့ မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ ရင်းနှီးမြှုပ်နှံမှု နဲ့ စီးပွားရေးဘဏ်တို့ဖြစ်ပါတယ်။

ဒီဘဏ်တွေ အားလုံးဟာ အစိုးရ ဘဏ်တွေ ဖြစ် သလို အစိုးရ ဟာ လည်း အခုတော့ အန်အယ်ဒီ ပါတီ အစိုးရ ဖြစ်နေပါပြီ။

အစိုးရ ပိုင် သစ်လုပ်ငန်း သတ္တု လုပ်ငန်း ကျောက်မျက် ပုလဲ စတဲ့ လုပ်ငန်းတွေ ပို့ကုန် သွင်းကုန် လုပ်ငန်း စတဲ့ အစိုးရပိုင် လုပ်ငန်း ၇ ခု ကို လည်း ဆန်ရှင် စာရင်း ကနေပယ်ဖျက် ပေးလိုက်ပါပြီ။

စစ်တပ် အကျိုးစီးပွားနဲ့နီးစပ်တဲ အင်း၀ ဘဏ်နဲ့ မြဝတီ ဘဏ်တွေနဲ့ပတ်သက်ရင်လည်း အမေရိကန် က စီးပွားကုန်သွယ်လိုသူတွေအဖို့ ချွင်းချက်နဲ့ ဆက်သွယ်ဆောင်ရွက်ခွင့်တွေ ရလာ တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ အဓိက အရေးပါတဲ့ စီးပွားရေး လုပ်ငန်းတွေကို ချုပ်ကိုင်ထားတဲ့ စစ်တပ်အပေါ်မှာတော့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ထားထားမှာ ဖြစ်ပါတယ်။

အရင်စစ်အစိုးရ နဲ့လည်း နီးစပ်ခဲ့သူ၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေ နဲ့ လည်း ပတ်သက်တယ်လို့ သံသယ ရှိနေကြ တဲ့ စတီဗင် လော ရဲ့ လုပ်ငန်း ၆ ခု လောက်ကို ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲမှာ ထပ်တိုးပြီး ထည့် ထားပါတယ်။

နောက်ပြီး အရင် စစ်အစိုးရ ကာလ တွေထဲက အရေးယူထားတဲ့ ကုမ္ပဏီတွေ၊ တဦးချင်း ကို ပစ်မှတ်ထားအရေးယူထား တဲ့ သူတွေ ဒဏ်ခတ်အရေးယူတဲ့ စာရင်း မှာ ဆက်ရှိနေဆဲပါ။

အနည်းဆုံး နောက်ထက် ၁၂ လ အခုလို ပဲ ဆက်ရှိသွားမယ့် သဘောပါ။

အခု အမေရိကန် က အရေးယူ တာ ကို ပြင်ဆင် တဲ့နေရာမှာ မြန်မာ အစိုးရပိုင်ဘဏ်တွေ၊ အစိုးရပိုင်လုပ်ငန်း ကို ပိတ်ဆို့ထားရာ ကနေရုပ်သိမ်းပေးထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ပါတီ ဖြစ်တဲ့ အန်အယ်ဒီပါတီ ရဲ့ အစိုးရ ကို ပံ့ပိုးပေးထားတယ်၊ တခါ စစ်တပ် နဲ့ အရင် စစ်တပ်အစိုးရ နဲ့ နီးစပ် ခဲ့တဲ့သူတွေ ကိုတော့ ဆက်ပြီးဖိအားတွေ ပေးထားဆဲပဲဆိုတာကတော့ ရှင်းနေပါတယ်။

တဖက်မှာလည်း အစိုးရ ဘဏ်တွေ ဘက်မှာ ၊အစိုးရ လုပ်ငန်းတွေ ဘက်မှာ အရေးယူ ထားတာတွေ ကို ရပ်ဆိုင်းလိုက်သလို၊ ပိတ်ဆို့အရေးယူတာ လုပ်ထားတဲ့ စတီဗင်လော ရဲ့ ပိုင်ဆိုင်မှုနဲ့ ငြိနေတဲ့ ရန်ကုန် ဆိပ်ကမ်း ကို အရေးယူထားမှု ကနေ ယာယီ ကင်းလွတ်ခွင့်ပေးထားတာ ကိုလည်း သက်တမ်းထပ် တိုးလိုက်ပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာ က စီးပွားရေး လုပ်ငန်းတွေ မြန်မာပြည်နဲ့ပတ်သက်ပြီး လုပ်သာ လာအောင် လမ်းဖွင့် ပေးထားတယ်လို့ လည်း သုံးသပ်နိုင်ပါတယ်။