အလုပ်သမား ချီတက်ပွဲ ဖြိုခွဲနှိမ်နင်း

ချီတက်လမ်းလျှောက် ဆန္ဒပြတဲ့ အလုပ်သမားတွေကို တပ်ကုန်းမြို့အဝင် ညောင်လွန်ရွာ အနီးမှာ ရဲက ဖမ်းဆီးနှိမ်နင်း လူစုခွဲလိုက်ပါတယ်။

အလုပ်သမား ၆၆ ယောက်၊ ကျောင်းသား ၆ ယောက်အပါအဝင် လူပေါင်း ၇၀ ကျော်ကို ရဲကဝိုင်းဝန်းချုပ်နှောင် ဖမ်းဆီးပြီး အချုပ်ကားနဲ့ ခေါ်ဆောင်သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တပ်ကုန်းမြို့အဝင် ဖမ်းဆီး လူစုခွဲ

မြန်မာဗနီးယား သစ်ပါးလွှာစက်ရုံ အလုပ်သမားတွေဟာ အလုပ်သမား ၁၆၁ ယောက် အလုပ်ဖြုတ်ခံရတာကို မကျေနပ်တဲ့အတွက် အလုပ်ပြန်ရရေး တောင်းဆိုပြီး နေပြည်တော်အထိ ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ နေပြည်တော်အထိ ချီတက်ပြီး သမ္မတဆီမှာ တောင်းဆိုမယ်လို့ အလုပ်သမားတွေက ဆိုကြပါတယ်။

၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ အလုပ်သမားတွေက လုပ်ခတိုးမြှင့်ရေး အတွက် ဆန္ဒပြတောင်း ဆိုခဲ့ကြရာမှာ သဘောတူ ညီချက် ရခဲ့ကြ ပေမယ့် ရှားပါးစရိတ်၊ ရက်မှန်ကြေး၊ နှစ်တိုးကြေးတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းလို့ မရခဲ့ပါဘူး။

အလုပ်သမား သမဂ္ဂ အတွင်းရေးမှူးကိုလည်း နှစ်ကြိမ်တိုင်တိုင် အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အလုပ်သမား ဆန္ဒပြချီတက်မှု ဖမ်းဆီး ဖြိုခွဲ

အဲဒီနောက် အလုပ်သမား ၁၂၈ ယောက်ကို အလုပ်စည်းကမ်း မလိုက်နာလို့ ဆိုပြီး အလုပ်ရှင်က ထုတ်ပယ်ခဲ့ရာကစပြီး ပြဿနာ တိုးတက်ကြီးထွားလာခဲ့ပါတယ်။

အလုပ်သမားတွေဘက်က အလုပ်သမားတွေကို အလုပ်ပြန်ခန့်ထားပေးရေး သပိတ်မှောက်တောင်းဆိုခဲ့ရာမှာ နောက်ထပ် အလုပ်သမားတွေ ထပ်မံ အလုပ်ဖြုတ်ခံခဲ့ရပါတယ်။

နောက်ဆုံး အလုပ်သမား ၁၆၁ ယောက် အလုပ်ထုတ်ခံခဲ့ရပြီးနောက်မှာ အလုပ်သမားတွေက စစ်ကိုင်းကနေ နေပြည်တော်အထိ ချီတက် ဆန္ဒပြခဲ့ပါတယ်။

တပ်ကုန်းမြို့ အဝင် ညောင်လွန်ရွာအနီးမှာတော့ ရဲက ပိတ်ဆို့တားမြစ်ခဲ့ပါတယ်။

အလုပ်သမားတွေက နေပြည်တော် ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံချင်တယ်လို့ ညှိနှိုင်းပေမယ့် ပြေလည်မှု မရခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် epa
Image caption အလုပ်သမားတွေကို ရဲက ဝိုင်းဝန်းပိတ်ဆို့

နောက်ဆုံးမှာ ပိတ်ဆို့ထားတဲ့ရဲတွေက ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးပြီးမှာ ဆက်လက်ချီတက်မယ့် အလုပ်သမားတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာမှာ အငြင်းပွားမှုရှိတဲ့ ပိတ်ဆို့ဖမ်းဆီးနည်း (Kettle) စနစ်နဲ့ ရဲက ပိတ်ဆို့ ဝန်းရံပြီးမှ တယောက်ချင်း ဖမ်းဆီးပြီး အချုပ်ကားနဲ့ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

အလုပ်သမားတွေကို ချုပ်နှောင် ဖမ်းဆီး ကြသူတွေ ထဲမှာ အရင် အစိုးရလက်ထက် မှာတုန်းက စွမ်းအားရှင်တွေလိုပဲ အရပ်ဝတ်နဲ့ ဖမ်းဆီးသူတွေလည်း ပါဝင်တာ တွေ့ရပါတယ်။ အရင်စွမ်းအားရှင်တွေလို လက်ပတ်နီတွေ တပ်ဆင်ထားတာမျိုးကိုတော့ မတွေ့ရပါဘူး။

အများပြည်သူ ရွေးကောက် တင်မြှောက် ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဉီးထင်ကျော် အစိုးရ လက်ထက်မှာ အလုပ်သမားတွေနဲ့ ပထမဆုံး ပဋိပက္ခ ဖြစ်ပွားပြီး ဖမ်းဆီးနှိမ်နင်း ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ