ရုရှား မြန်မာ သမ္မတ နှစ်ဦး တွေ့ဆုံဆွေးနွေး

ဓာတ်ပုံ မူပိုင် AFP
Image caption နှစ်နိုင်ငံအကြား စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံ ဆောင်ရွက်မှုတွေ တိုးဖို့ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့

အာဆီယံ ရုရှား ညီလာခံအတွက် ရုရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာ သမ္မတ ဦးထင်ကျော်နဲ့ ရုရှား သမ္မတ ပူတင်တို့ မေလ ၁၉ရက်နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

အာဆီယံ ရုရှား ညီလာခံ အိမ်ရှင် ဖြစ်တဲ့ ရှရှားနိုင်ငံရဲ့ သမ္မတ ပူတင် က မြန်မာသမ္မတ ဦးထင်ကျော်နဲ့အဖွဲ့ ကို ကြိုဆိုရင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အောင်ပွဲအတွက် ဂုဏ်ပြုစကား ဆိုခဲ့သလို နှစ်နိုင်ငံ အကြား စီးပွားရေး ၊ နိုင်ငံရေး ဆက်ဆံ ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ရုရှား စီးပွားရေး လုပ်ငန်းရှင်တွေက မြန်မာ့စျေးကွက်ကို စိတ်၀င်စားနေကြတဲ့ အကြောင်း မစ္စတာ ပူတင်က ပြောခဲ့သလို သမ္မတ ဦးထင်ကျော်ဘက်က လည်း နှစ်နိုင်ငံ အကြား အပြန်အလှန် အကျိုးစီးပွား ဖြစ်မယ့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်လိုမှုကို ကြိုဆိုပါကြောင်း ပြောပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်ကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ မြန်မာပြည်နဲ့ စစ်ပစ္စည်းတွေ စစ်ရေးဆိုင်ရာ နည်းပညာတွေနဲ့ ပတ်သက်တဲ့ ကုန်သွယ်ရေးကို တိုးမြှင့်လိုတယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနဲ့ ရုရှားအကြားမှာ အထူးသဖြင့် မြန်မာ စစ်တပ်နဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ အကြီးအမား ရှိခဲ့ပါတယ်။

အရင် စစ်အစိုးရ လက်ထက် မှာ မြန်မာစစ်အစိုးရက ရုရှားဆီက မစ် ၂၉ တိုက်လေယာဉ် တွေ ၊ အမ်အိုင် ၂၄ အမ်အိုင် ၂ စစ်သုံးရဟတ်ယာဉ် တွေ အပါအဝင် စစ်ရေးဆိုင်ရာ စစ်လက်နက်ပိုင်း ဆိုင်ရာ ပစ္စည်းတွေကို ဝယ်ယူခဲ့တာပါ။

နျူကလီးယား နည်းပညာနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့ စကားပြောနေတာတွေ လေ့ကျင့် သင်တန်း ပေးတာတွေလည်း လုပ်နေပါတယ်။

မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၃ ခုနှစ်ထဲမှာ ရုရှားကို သွားစဉ်ကလည်း တိုက်လေယာဉ် ထုတ်လုပ်တဲ့ လုပ်ငန်းခွင် ကို သွားလေ့လာ နိုင်တဲ့အထိ ရုရှားနဲ့ မြန်မာစစ်တပ်အကြား ရင်းနှီးမှုက နီးစပ်ခဲ့ပါတယ်။