ဆန္ဒပြအလုပ်သမားတွေကို ပုဒ်မ ၄ ခုနဲ့ အရေးယူ

  • 19 မေ 2016
ဓာတ်ပုံ မူပိုင် epa
Image caption နေပြည်တော်အဝင် ရဲက ဆန္ဒပြ အလုပ်သမား တွေကို ဖမ်းဆီး

စစ်ကိုင်းကနေ ချီတက်လာကြတဲ့ အလုပ်သမားသပိတ်စစ်ကြောင်း မနေ့ကနေပြည်တော်အဝင် တပ်ကုန်းမြို့နယ်ထဲမှာ ရဲတပ်ဖွဲက ဖမ်းဆီးခဲ့ရာမှာ စုစုပေါင်း ၇၁ ဦးဖမ်းခံ ရပါတယ်။

အဲဒီထဲ ၂၀ ဦး ကိုတော့ ဒီနေ့ ပြန်လွှက်လိုက်ပါပြီ။ ကျန်တဲ ၅၁ ဦး ကိုတော့ ပုဒ်မ ၄ ခု နဲ တရားစွဲ အရေးယူဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲက ဒုရဲချုပ် ဦးသိန်းဦးက ဘီဘီစီ ကို ပြောပါတယ်။

အရေးယူမယ့် ပုဒ်မတွေက ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးမှာ ပါဝင်မှု၊ လူစုခွဲရန်အမိန့်ပေးပြီးကြောင်း သိလျှက်နဲ့ ဥပဒေနဲ့ ဆန်ကျင်တဲ့ အစုအဝေးမှာ ပါဝင်ခြင်း သို့မဟုတ် ဆက်လက်ပါဝင်ခြင်း၊ ရုန်းရင်းဆန်ခတ်မှုနဲ့ နိုင်ငံတော်အစိုးရနဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု စတဲ့ ပုဒ်မတွေဖြစ်ပါတယ်။

စစ်ကိုင်းက မြန်မာဗာနီးယား သစ်ပါးလွှာစက်ရုံ အလုပ်သမားတွေဟာ အလုပ်သမား ၁၆၁ ယောက် အလုပ်ဖြုတ်ခံရတာကို မကျေနပ်တဲ့အတွက် အလုပ်ပြန်ရရေး သမ္မတဆီမှာ တောင်းဆိုဖို့ နေပြည်တော်အထိချီတက်လာကြတာဖြစ်ပါတယ်။

နှစ်ပတ်ကျော်ကြာ ချီတက်လာတဲ့ စစ်ကိုင်းကအလုပ်သမားတွေကို နေပြည်တော်ဧရိယာ အစကို ရောက်ရှိချိန်မှာ တာဝန်ရှိသူတွေနဲ ညှိနှိုင်းခဲ့ကြပေမဲ ပြေလည်မှုမရခဲ့ဘဲ ရဲတပ်ဖွဲက ဖြိုခွင်းလိုက်တာဖြစ်ပါတယ်။

ဒီလို ဖြိုခွင်းရာမှာ ပါဝင်တဲ့ အရပ်ဝတ်တွေဟာ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

သပိတ်စစ်ကြောင်းက အဖမ်းခံရသူတွေထဲမှာ အလုပ်သမားတွေနဲ့ အတူ ကျောင်းသားသပိတ်မှာပါဝင်ခဲ့တဲ့ ရဲရင့်ပိုင်မှူး၊ ကျော်ဇင်ဟိန်း၊ကိုဗစ်တာတို့ ပါဝင်ပြီး အဲဒီ ဖမ်းဆီးထားသူတွေကို တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ကျော်လွင်ဦးက တရားလိုပြုလုပ်ကာ ပုဒ်မ ၄ခုနဲ အမှုဖွင့်ထားပါတယ်။

ဒီနေ့ညနေပိုင်းမှာတော့ သူတို့ကို တရားရုံးမှာ ရမန်ယူပြီး ရမည်းသင်းအကျဉ်းထောင်ကို ပို့လိုက်ပြီလို့ သိရပါတယ်။