နိုင်ငံသားပြဿနာကို ၁၉၈၂ ဥပဒေနဲ့ စိစစ်မယ်

  • 20 မေ 2016
Image caption ခရိုင်မြို့နယ်ကျေးရွာအဆင့်ဆင့် ဆက်ဖွဲ့စည်းသွားမယ်လို့ ပြော

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီ နိုင်ငံသားပြဿနာကို နိုင်ငံတဝန်းထိထိရောက်ရောက်လုပ်ဖို့အဆိုကို ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြည်သူ့လွှတ်တော်မှာ အဆိုအဖြစ်တင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်ပါတီက လွှတ်တော်အမတ်တွေ အပါအဝင် ဒီအဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့ လွှတ်တော်အမတ် အားလုံးကလဲ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဝန်ကြီးဌာန အနေနဲ့လည်း နိုင်ငံသားစီစစ်ရေးလုပ်ငန်းကို ရက် ၁၀၀ စီမံချက်မှာ ဦးစားပေးလုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်သွားမယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

လက်ရှိ အနေအထားမှာ အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်း ကော်မီတီတွေ ဖွဲ့ထားပြီး တိုင်းနဲ့ ပြည်နယ်တွေမှာလည်း နိုင်ငံသား စီစစ်ရေး ကော်မီတီတွေ ဖွဲ့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ပြီးရင် ခရိုင်မြို့နယ်ကျေးရွာအဆင့်ဆင့် ဆက်ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။

ဒီဥပဒေ နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း အချို့နေရာတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအဖြစ်ခံယူနိုင်ခွင့်ကို ကန့်သတ်ထားတယ်ဆိုတဲ့ ဝေဖန်မှုတွေ ကလည်း ရှိပါတယ်။

နောက်ပြီး ဘင်္ဂါလီ နာမည်ခံပြီး နိုင်ငံသားခံယူဖို့ ကိစ္စတွေ ဆောင်ရွက်စဉ်ကလည်း ဆန့်ကျင်တဲ့ ပြဿနာတွေ ကြုံခဲ့ရတာပါ။

ဒီလိုမျိုး အကဲဆတ်တဲ့ပြဿနာမျိုးတွေနဲ့ ပတ်သက်လို့ ဘီဘီစီက ဝန်ကြီးဦးသိန်းဆွေရဲ့ အမြင်ကို မေးမြန်ရာမှာ ဒီလိုကိစ္စတွေကို ဒေသ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ပြည်နယ် တိုင်းအစိုးရတွေကို ကိုယ်တိုင် ကြီးကြပ် ဆောင်ရွက်စေမှာ ဖြစ်တယ်လို့ ပြောပါတယ်။ လာမယ့် မေလ ၂၅ ရက်နေ့မှာ အခု လုပ်ငန်းစဉ် အသေးစိတ်ကို ပြည်သူတွေကို ချပြမယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ