ရခိုင် နဲ့ ရှမ်းပါတီ နှစ်ခု လွှတ်တော်မှာပူးပေါင်းမယ်

  • 20 မေ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော်မှာ တိုင်းရင်းသားတွေက လူနည်းစု ဖြစ်ပါတယ်

ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ နဲ့ ရခိုင် အမျိုးသား ပါတီ ANP က ကိုယ်စားလှယ် တွေဟာ ပြည်ထောင်စု အဆင့် လွှတ်တော်တွေ မှာ ပူးပေါင်း လုပ်ဆောင်ဖို့ နှစ်ပါတီ အကြား သဘောတူ လိုက်ကြ ပါတယ်။

ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် တွေ မှာ ရှိနေကြ တဲ့ ပါတီ နှစ်ခုလုံး က အမတ်တွေဟာ လွှတ်တော်မှာ အဆို တင်သွင်းရာ မှာ ဖြစ်စေ အရေးကြီး ဥပဒေ တွေ ပြင်ဖို့ မဲခွဲရာမှာ ဖြစ်စေ အတူတကွ ပူးပေါင်း ဆန္ဒပြု ကြမှာ ဖြစ်သလို ရှမ်း နဲ့ ရခိုင် အမျိုးသားရေး ကိစ္စတွေ မှာလည်း နှစ်ဖက် ပူးပေါင်းပြီး အရေးဆို တာတွေ လုပ်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လွှတ်တော် နှစ်ခုလုံးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အမတ်တွေ အများဆုံး ရှိနေတဲ့ အတွက် တိုင်းရင်းသား တွေ အကျိုး အတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း ရခိုင် အမျိုးသားပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က ပြောပါတယ်။ လောလောဆယ် အမျိုးသား နဲ့ ပြည်သူ့ လွှတ်တော် တွေမှာ အမတ် (၄၈၀) ကျော်ရှိတဲ့ အထဲမှာ NLD ပါတီအမတ် (၄၀ဝ)လောက် ရှိပြီး ရခိုင် ANP အမတ် က (၂၂)ဦး ရှမ်း SNLD အမတ်က (၁၄)ဦး ပဲရှိတာ ဖြစ်ပါတယ်။

အခုလို အင်အားကြီး တိုင်းရင်းသား (၂)ပါတီ က အမတ်တွေ ပူးပေါင်း လုပ်ဆောင်မယ် ဆိုပေမယ့် လွှတ်တော်တွင်း အဆိုတင်သွင်းတာ၊ အရေးကြီး ပုဒ်မ ပြင်ဆင်တာ တွေမှာ အမတ် အင်အား အများစု ရှိတဲ့ အန်န်လ်ဒီ ပါတီကပဲ ဆုံးဖြတ်ချက် ချ နိုင်မယ့် မဲ အများစု ရှိနေမှာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ က ဦး ဦးလှစောကတော့ NLD အစိုးရရဲ့ ဆောင်ရွက် ချက်တွေဟာ တိုင်းရင်းသား တွေရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်မယ် ဆိုရင် ဝေဖန် ထောက်ပြရမှာဘဲ ဖြစ်ပြီး ဘုံအကျိုးစီးပွား အတွက်ဆိုရင်တော့ တွဲလုပ်ရမှာဖြစ်တယ် လို့ ပြောပါတယ်။

လွှတ်တော်တွင်း ပူးပေါင်း ဆောင်ရွက်မှု တွေ အပြင် ဖက်ဒရယ် အရေးကိစ္စ ၊ (၂၁)ရာစု ပင်လုံညီလာခံမှာ ပါဝင်နိုင်မယ့် အခန်းကဏ္ဍ တွေနဲ့ ပတ်သက်ပြီး လည်း အတူလက်တွဲ ဆောင်ရွက်တာတွေ ဆက်လုပ်ဖို့ရှိနေတယ် လို့ သူ က ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ