မြန်မာ နိုင်ငံရောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး

  • 23 မေ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင် ဗုဒ္ဓဘာသာဝင်တွေက ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို ကန့်ကွက်သလို၊ မွတ်စလင် တွေကလည်း ဘင်္ဂါလီလို့ သုံးတာကို အလားတူ ကန့်ကွက်

မေလ ၂၂ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ မြန်မာ နိုင်ငံကို ရောက်ရှိခဲ့ပြီး မြန်မာ နိုင်ငံက ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အရပ်သား စစ်စစ် အစိုးရ တက် လာခဲ့ပြီးနောက် အမေရိကန် နိုင်ငံက ထိပ်တန်း ခေါင်းဆောင် တစ်ဦး မြန်မာ နိုင်ငံကို ပထမဦး ဆုံး အကြိမ် လာရောက် တဲ့ ခရီး စဉ် လည်း ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီးတို့ ပူးတွဲ သတင်းစာ ရှင်းလင်း ပွဲ လုပ်ခဲ့ပြီး မြန်မာ နိုင်ငံ ရဲ့ ဒီမို ကရေစီ ပြုပြင် ပြောင်း လဲရေး နဲ့ စီပွားရေး ပြုပြင်ပြောင်းလဲမှု များကို အားပေးဖို့ လာရောက် တာ ဖြစ်ကြောင်း မစ္စတာ ကယ်ရီ က ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်မှာအမေရိကန် ဘက်က အစိုးရ ဘဏ် တွေ အပေါ်မှာ ပိတ်ဆို့ ထားမှုတွေကို ဖြေလျော့ ပေးခဲ့ပေမယ့် အရင် စစ်အစိုးရ နဲ့ ပတ်သက်တဲ့ လူ တချို့ကိုတော့ ပိတ်ဆို့မှုတွေ ဆက်လက် ထားရှိဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ ရဲ့ ခရီးစဉ်မှာ လူအများ စိတ်ဝင် စားနေကြတာ က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို အမေရိကန် က သုံးနေတဲ့ ကိစ္စနဲ့ မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဘာကြောင့် သက်တမ်း တိုးတာလဲ ဆိုတာပဲ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း ကို အသိအမှတ်ပြုဖို့ နိုင်ငံတကာမှာ လှုပ်ရှားမှုတွေ၊ သတင်းဖော်ပြမှုတွေ ရှိတာနဲ့ ပတ်သက်လို့ စိတ်ခံစားမှုကို ဖြစ်စေတဲ့ အသုံးအနှုန်း တွေနဲ့ ပတ်သက်ရင် ခိုင်မာဖို့ လိုကြောင်း၊ စိတ်ခံစားမှု ဖြစ်စေတဲ့ စကားလုံးတွေက ပြဿနာ အတွက် ငြိမ်းချမ်းပြီး အဓိပ္ပါယ် ရှိတဲ့ အဖြေရအောင် ရှာဖို့ ခက်ခဲစေမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

စကားလုံးတွေကို သုံးစွဲရာမှာ မျှမျှတတ နဲ့ တိတိကျကျ ကိုင်တွယ်ဖို့ လိုပြီး ရခိုင် ဗုဒ္ဓဘာသာဝင်တွေက ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို ကန့်ကွက်သလို၊ မွတ်စလင် တွေကလည်း ဘင်္ဂါလီလို့ သုံးတာကို အလားတူ ကန့်ကွက်ကြပါတယ်။

နှစ်ဘက် စလုံးက ဒီလိုပဲ အသုံးပြုရမယ်လို့ အကြောက်အကန် ပြောနေရင် ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာရဲ့ အဖြေကို ရှာဖွေရာမှာ မြန်မာ နိုင်ငံ အတွက် အထောက် အကူ ဖြစ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

လက်တွေ့ကျတဲ့ အဖြေကို လိုချင်ပြီး၊ စကားနဲ့ ပြောနေဖို့ လောက်ကိုလည်း စိတ်ဝင်စားတာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလို့ ကိုယ့်ကိုကိုယ် ခေါ်တဲ့ လူတွေ ရှိကြောင်း၊ အမေရိကန် ဘက်ကလည်း တစ်ခါတစ်ရုံမှာ ရိုဟင်ဂျာ လို့ သုံးနှုန်းတာ ရှိကြောင်း၊ ဒါပေမယ့် ပြဿနာ ဖြေရှင်းရေးကို အာရုံစိုက် မှုက အရေးအကြီးဆုံး ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ က ပြောပါတယ်။

Image caption ကာကွယ်ရေး ဦးစီးချုပ် နဲ့လည်း တွေ့ဆုံခဲ့

မြန်မာ နိုင်ငံအပေါ်မှာ ပိတ်ဆို့ရေးတွေ ဆက်လက် ထားရှိတာနဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲရေး တွေ ပိုပြီး ဖြစ်လာဖို့ အတွက် အချို့ ကဏ္ဍတွေကို ဆက်လက်ပြီး ပိတ်ဆို့ဖို့ ဆုံးဖြတ် ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ရှေ့ဆက် လုပ်သွားတာနဲ့ အမျှ ဆက်လက် ဖြေလျော့ ပေးဖို့ ရှိကြောင်း၊ အခြေခံ ဥပဒေမှာလည်း အဓိက အချက်တွေ ပြင်ဖို့ ကျန်နေသေးကြောင်း၊ အရပ်သား အစိုးရကို အားလုံးက လေးစားဖို့ လိုကြောင်း မစ္စတာ ကယ်ရီက ပြောပါတယ်။

ပိတ်ဆို့ရေးတွေ ဆက်လက် ကျန်ရှိနေတာနဲ့ ပတ်သက်ပြီး စိတ်မပူကြောင်း၊ အချိန်တန်ရင် ဒီကိစ္စတွေက ပြေလည်သွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နဲ့ တွေ့ဆုံရာမှာလည်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ကို ဆွေးနွေးဖို့ ရှိကြောင်း မစ္စတာ ကယ်ရီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ