စိုက်ပျိုးစရိတ် ချေးငွေ ကျပ် ဘီလီယံပေါင်း ၅၀၀အတွက် ငွေစက္ကူအသစ် ရိုက်ရမယ်

_farmers_myanmar ဓာတ်ပုံ မူပိုင် bbc
Image caption ချေးငွေတွေ ရမှလည်း တောင်သူတွေ စိုက်နိုင်ပျိုးနိုင်မယ့် အခြေအနေမှာ ရှိနေ။

စိုက်ပျိုးစရိတ် ချေးငွေ အဖြစ် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ်ငွေ ဘီလီယံပေါင်း ၅၀၀ တောင်သူ လယ်သမားတွေကို ထုတ်ချေးမယ် ဆိုပြီး ပြည်ထောင်စု လွှတ်တော်က အတည် ပြုလိုက်တဲ့ အတွက် ဗဟိုဘဏ် အနေနဲ့ အဲဒီ့ ငွေကြေး ပမာဏကို ငွေ စက္ကူ အသစ်တွေ ရိုက်ပြီး ဖြည့်ဆည်း ပေးရတော့မှာ ဖြစ်ပါတယ်။

ဒီလောက် ပမာဏရှိတဲ့ ငွေစက္ကူ အသစ်တွေ ရိုက်မယ် ဆိုရင် နောက်ဆက်တွဲ ရိုက်ခတ်မှု အနေနဲ့ ငွေကြေး ဖောင်းပွမှု ဖြစ်လာ စေနိုင်တယ်လို့ ဗဟိုဘဏ်ဘက်က လွှတ်တော်ထဲမှာ သတိ ပေးခဲ့ ပါတယ်။

တစ်ဘက်ကလည်း ဒီ ချေးငွေတွေ ရမှလည်း တောင်သူတွေ စိုက်နိုင်ပျိုးနိုင်မယ့် အခြေအနေမှာ ရှိနေတယ်လို့ စိုက်ပျိုးစားရိတ် ထုတ်ချေးရေး လွှတ်တော်တွင်း ဆွေးနွေးခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ဘီဘီစီကို ပြောပါတယ်။

လယ်သမားတွေဟာ သူတို့ လက်ထဲ ရောက်လာမယ့် ငွေတွေကို သုံးစွဲမှာ ဖြစ်တဲ့ အတွက် ပြည်တွင်း လှည့်လည်ငွေ ပမာဏထဲ ကျပ်ငွေ ဘီလီယံ ၅၀၀ ထပ်တိုး လာမှာ ဖြစ်ပြီး၊ ငွေကြေး ဖောင်းပွတာ၊ ကုန်စျေးနှုန်း နဲ့ ဒေါ်လာစျေး တက်တာမျိုးတွေ ဖြစ်လာနိုင်တယ် ဆိုပြီး စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပါတယ်။

စပါးသီးနှံ (၁၀)ဧက လုပ်ကွက်အောက်မှာ ရှိတဲ့ လယ်သမားတွေကို တစ်ဧက (၁)သိန်းခွဲ နှုန်းနဲ့ ထုတ်ချေးမှာ ဖြစ်ပါတယ်။

အရင်က လယ်တစ်ဧကကို စိုက်ပျိုးစရိတ် ချေးငွေ (၁)သိန်းအထိပဲ အများဆုံး ချေးပေးခဲ့တာ ဖြစ်ပြီး၊ အခု (၁)သိန်းခွဲ အထိ တိုးမြှင့်လာပါ။

ဒီ စိုက်ပျိုးစရိတ် ချေးငွေ ကို ဗဟိုဘဏ်ကနေ (၅)% နဲ့ ထုတ်ချေးပြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနကနေ ဝန်ဆောင်မှု (၃)% ထပ်ယူမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လယ်သမားတွေဟာ (၈)% အတိုးနဲ့ ချေးယူပြီး တစ်နှစ်အတွင်း ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ