Charles T. Manatt Democracy Award ဆု မြန်မာရ

  • 25 မေ 2016
myanmar_disabled
Image caption မသန်စွမ်း အခွင့်အရေး ရပိုင်ခွင့်တွေ နည်းနေဆဲ

၂၀၁၆ ခုနှစ်အတွက် ‘ကမ္ဘာလုံးဆိုင်ရာ Charles T. Manatt Democracy Award ဆု’ ကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ အမှုဆောင်အရာရှိချုပ် ကိုနေလင်းစိုးက ရရှိခဲ့ပါတယ်။

ဒီဆုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ IFES ဒါရိုက်တာ ဘုတ်အဖွဲ့က ရွေးချယ်တာ ဖြစ်ပြီး မြန်မာနိုင်ငံ သားတဦး ပထမဆုံး ရတဲ့ဆု ဖြစ်ပါတယ် ။

၂၀၀၉ ခုနှစ် ကစပြီး ကမ္ဘာတဝန်းက ဒီမိုကရေစီ နဲ့ လူအခွင့်ရေး လှုပ်ရှားသူတွေကို ပေးအပ်နေရာမှာ မသန်စွမ်းတဦး အနေနဲ့ ပထမဆုံး ရတာ ဖြစ်ပါတယ်။

ကိုနေလင်းစိုးဟာ ပြီးခဲ့တဲ့ နှစ်အတွင်း မြန်မာနိုင်ငံ က မသန်စွမ်းသူတွေရဲ့ အခွင့်အရေး လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် မသန်စွမ်းသူတယောက် အနေနဲ့ တက်တက်ကြွကြွ တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်နေ တဲ့အပြင် နိုင်ငံရေးနဲ့ ရွေးကောက်ပွဲဖြစ်စဉ်၊ နောက် ပေါ်လစီ ပြောင်းလဲရေး ကိစ္စတွေမှာ သူတို့အဖွဲ့က တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေလို့ ပေးအပ်တာပါ။

ဒီဆုကို မနှစ်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် အောက်လွှတ်တော် အမတ် နန်စီပလိုစီ ကရရှိခဲ့သလို အရင်နှစ်တွေကလည်း တောင်အာဖရိက၊ ဗင်နီဇွဲလား၊ ကင်ညာ၊ လက်ဘနွန်၊ ချီလီ၊ ယူကရိန်း၊ မက္ကဆီကို နိုင်ငံတို့က လူအခွင့်ရေးနဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေ ရရှိခဲ့ကြပါတယ်။

လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့မှာ အမေရိကန်ကို လာရောက် ဆုလက်ခံယူဖို့လည်း ဖိတ်ကြား ထားပြီး ကိုနေလင်းစိုး ဒီဆုကို သွားရောက် လက်ခံယူမှာ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ