ငြိမ်းချမ်းရေး ကော်မတီ ပြန်ဖွဲ့ဖို့ အပစ်ရပ် အဖွဲ့တွေတွေ့

Image caption ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့တဲ့အခါ UPDJC ပြန်လည် ဖွဲ့စည်းရေးနဲ့ ရှေ့လုပ်ငန်းစဉ် အကြောင်း ဆွေးနွေးမယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ် အဖွဲ့တွေ တွေ့တဲ့အခါ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ ပြန်လည် ဖွဲ့စည်းရေး တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ၂၁ရာစု ပင်လုံညီလာခံ ကိစ္စတွေကိုလည်း တင်ပြ ဖို့ အပစ်ရပ် လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေ သဘောတူခဲ့ကြတယ်လို့ KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။

UPDJC မှာ အပစ်ရပ် လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေ အဓိက ပါဝင်ပါတယ်။

ဘာကြောင့် ပြင်ဖို့လို

ဦးသိန်းစိန် အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ UPDJC မှာ ပါဝင်ခဲ့တဲ့ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အခု အဲဒီရာထူးတွေမှာ မရှိတော့တာမို့ UPDJC အဖွဲ့ကို ပြန်လည် ဖွဲ့စည်းဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေး ညီလာခံကနေ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် NLD အစိုးရသစ် လက်ထက်မှာ လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေကိုပါ ဖိတ်ခေါ်ပြီး ၂၁ရာစု ပင်လုံညီလာခံ လုပ်ဖို့ ပြောင်းလဲ ပြင်ဆင်ခဲ့ပါတယ်။

သံသယဝင်

၂၁ရာစု ပင်လုံညီလာခံကို ဇူလိုင်လထဲမှာ ကျင်းပဖို့ ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ထားပေမယ့် လက်ရှိအခြေအနေကို ကြည့်ပြီး NCA လက်မှတ် မထိုးထားတဲ့ အဖွဲ့ တချို့ကတော့ သံသယ ရှိကြတယ်လို့ ထုတ်ဖော် ပြောလာကြပါတယ်။

ဒါပေမယ့်လည်း ၂၁ရာစု ပင်လုံညီလာခံ ကျင်းပတဲ့အခါမှာ NCA လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေလည်း ပါဝင်လာနိုင်တယ်လို့ တချို့က သုံးသပ်နေပါတယ်။

UPDJC နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၂၇ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံတဲ့အခါ ဘာတွေ ပြောဆိုကြမလဲဆိုတာနဲ့ ပတ်သက်လို့ အပစ်ရပ် လက်မှတ် ထိုးထားတဲ့အဖွဲ့တွေ မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ