ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဝန်ကြီးချုပ်နဲ့တွေ့

  • 26 မေ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်ခဲ့

ထိုင်းကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်အိုးချားနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စုမ်မိုင် ကောင်းထီးရာ့ ရဲ့ ဧည့်သည်တော် အဖြစ် ထိုင်းနိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ စစ်တပ် အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ရှိရေး၊ သတင်း အချက် အလက် ဖလှယ်ရေး၊ အပြန်အလှန် ပညာတော်သင် တွေပေးပို့ရေး နဲ့နယ်စပ် လုံခြုံရေး အတွက် ပူးတွဲ လုပ်ဆောင် နေတာ တွေကို ဆွေးနွေး ခဲ့ကြတယ် လို့ ထိုင်းကာကွယ်ရေး ဌာနရဲ့ သတင်း ထုတ်ပြန်ချက် ထဲမှာ ဖေါ်ပြ ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းစစ်တပ်နဲ့ ထူးထူးခြားခြား ရင်းနှီးသူအဖြစ် တွေ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာ စစ်ဘက်ဆိုင်ရာ သတင်းထောက် ဝါ့စနာ နားနွမ့် က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာ့ယွတ် ကြည်းတပ် ဦးစီးချုပ် ဖြစ်ချိန် တုန်းကလည်း တွေ့ကြ ရင်းနှီးခဲ့ ကြပါ တယ်။

ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ထနာစတ်ခ် ပထိမားကောန်း နဲ့လည်း ရင်းနှီး သူဖြစ်ပြီး ဘုရင့်အတိုင်ပင်ခံ ဗိုလ်ချုပ်ကြီးဟောင်း ပရမ်တင် ဆူလာနွန် ရဲ့ မွေးစားသား အဖြစ် ခံယူ ထားသူလည်း ဖြစ်လို့ စစ်တပ်အချင်းချင်း ရင်းနှီးမှုက အရင်ထက် ပိုကောင်းတယ်လို့ ပြောလို့ ဝါ့ စနာ ကပြောပါတယ်။

ဒါပေမယ့်လည်း နှစ်နိုင်ငံ စစ်တပ်တွေ ပူးတွဲ စစ်ရေး လေ့ကျင့် တာမျိုး မရှိသေးပဲ နှစ်နိုင်ငံ စစ်သားတွေ ဘာသာ စကားသင် ယူတာ၊ ထိုင်းစစ်ဆေးရုံ မှာ မြန်မာ စစ်ဖက် ဆရာဝန်တွေ သင်တန်း လာတက်တာ မျိုး လောက်ဘဲ ရှိတယ်လို့ သူကဆိုပါတယ်။

နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ အပစ်အခတ် ရပ်ရေးကို မြန်မာနိုင်ငံက လုပ်နိုင်ပြီး နယ်စပ်က ဒုက္ခသည် တွေကို နေရပ်ရင်း ပြန်ပို့နိုင် မယ်ဆိုရင် နှစ်နိုင်ငံ ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေက ဒီထက်ပိုတွေ့ရ လာနိုင်တယ် လို့လည်း သတင်းထောက် ဝါ့စနာ နားနွမ့်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ