ငြိမ်းစုစီဥပဒေသစ်ကြောင့် နိုင်ငံရေးအကျဉ်းသားပိုများနိုင်

  • 27 မေ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption Human Right Watch အာရှဆိုင်ရာ လက်ထောက် ဒါရိုက်တာ Phil Robertson

အခုလွှတ်တော်မှာအဆိုပြုတားပြီး ဆွေးနွေးနေတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်း နဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကြမ်းဟာ အရင်အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ ငြိမ်းစုစီလို့ လူသိများတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့် နဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေထက်စာရင် ကောင်းမွန်ပေမယ့် နိုင်ငံတကာစံနှုန်းတွေနဲ့ကြည့်ရင် လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

နောက်ပြီး ဒီဥပဒေကြမ်းမှာ ဆန္ဒပြဖို့ သက်ဆိုင်ရာကို ကြိုတင်အသိပေးထားတဲ့နေရာမှာ မပြပဲ နေရာပြောင်းရင်၊ ကြိုပြီးတင်ပြထားတဲ့ ကြွေးကြော်သံအတိုင်း ကြွေးကြော်တာမဟုတ်ရင်၊ မတင်ပြထားတဲ့ ပိုစတာတွေ ဆိုင်းဘုတ်တွေ ကိုင်ရင် ရာဇဝတ်မှုအရ အရေးယူခံရနိုင်တယ်ဆိုပြီး ပြဌာန်းချက်မျိုးတွေ၊ ငြိမ်းချမ်းစွာစုဝေး စီတန်းလှည့်လည်တဲ့အပေါ် ရေရေရာရာမရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်ထားတာတွေစတာတွေကို ပြင်ဆင်သင့်ကြောင်း Human Rights Watch က ထောက်ပြထားပါတယ်။

ဒီအတိုင်း အတည်ပြုလိုက်ရင် ဒီဥပဒေနဲ့ ဖမ်းဆီးခံရသူတွေ ပိုတောင်တိုးလာနိုင်ပြီး နိုင်ငံရေးအကျဉ်းသားတွေပိုများလာနိုင်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက် ဒါရိုက်တာ Phil Robertson က ဘီဘီစီကို ပြောပါတယ်။

အခု ဥပဒေမှာ အရင် ငြိမ်းစုစီဥပဒေလို အာဏာပိုင်တွေဆီက ခွင့်ပြုချက်ယူစရာမလိုဘဲ ၄၈ နာရီကြိုတင်အသိပေးပြီး စီတန်းစုဝေးဆန္ဒထုတ်ဖေါ်နိုင်တယ်ဆိုတာ တိုးတက်မှုဖြစ်ပေမယ့် ကန့်သတ်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာကြောင့် ဒေသဆိုင်ရာ အာဏာပိုင်တွေက လိုရင်လိုသလို အဓိပ္ပါယ်ဖွင့်ဆိုနိုင်တဲ့အတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခွင့်ကို ထိခိုက်စေနိုင်တယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် လူထုအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းနဲ့အညီ ငြိမ်းချမ်းစွာ စုဝေးစီတန်း ဆန္ဒထုတ်ဖေါ်ခွင့်ရအောင် ဒီဥပဒေကို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေ ပြည်တွင်းပြည်ပ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေး အကြံဉာဏ်ရယူပြီး သုံးသပ်ပြင်ဆင်သင့်တယ်လို့ Human Rights Watch အာရှဒေသဆိုင်ရာ လက်ထောက် ဒါရိုက်တာ Phil Robertson က ပြောပါတယ်။