အလုပ်သမားနဲ့ လဝက ဝန်ကြီးရဲ့ ရက်၁၀၀စီမံကိန်း

Image caption ရွှေ့ပြောင်းနေထိုင်သူတွေကို ရက်ပေါင်း ၁၀၀အတွင်း အိမ်ထောင်စု စာရင်း ထုတ်ပေးတာတွေ လုပ်မယ်လို့ ဝန်ကြီး ဉီးသိန်းဆွေ ပြော

မြန်မာနိုင်ငံမှာ ဝန်ကြီးဌာနရဲ့ ရက်၁၀၀ စီမံချက်အတွင်း အလုပ်သမားအရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စရပ်တွေကို လုပ်ငန်း ၁၃မျိုးခွဲပြီး စီစဉ် ဆောင်ရွက်သွားမယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဉီးသိန်းဆွေက ဘီဘီစီကို ပြောပါတယ်။

ရွှေ့ပြောင်းလုပ်သားများ ကူညီထောက်ပံ့ရေး ဗဟိုဌာနကို ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ ဖွင့်လှစ် ထားရှိတာမျိုးတွေ လုပ်မှာ ဖြစ်သလို ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အလုပ်သမားတွေကို အိမ်ထောင်စု စာရင်းနဲ့ ကိုင်ဆောင်သင့်တဲ့ မှတ်ပုံတင် အမျိုးမျိုးကို ဒီကာလအတွင်း ထုတ်ပေးသွားမယ်လို့ ဝန်ကြီး ဉီးသိန်းဆွေက ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောသွားပါတယ်။

၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ သက်ဆိုင်တဲ့ စိစစ်ရေး ကဒ်ပြား တမျိုးမျိုးကို ထုတ်ပေးနိုင်ဖို့ စတင် စစ်ဆေးတာတွေကိုလည်း လုပ်သွားမယ်လို့ ဆိုပါတယ်။

လူဝင်မှု ကြီးကြပ်ရေးပိုင်းနဲ့ ပတ်သက်လို့တော့ နိုင်ငံရေးအရ အမည်ပျက်စာရင်း သွင်းခံရသူ အားလုံးနီးပါးကို ပယ်ဖျက်ပေးသွားဖို့ စီစဉ်ထားသလို ပြည်ဝင်ခွင့်ဗီဇာတွေကို နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ အညီ ပြန်လည် ပြင်ဆင် သတ်မှတ်သွားမယ်လို့ ဝန်ကြီး ဉီးသိန်းဆွေက ပြောပါတယ်။