ငြိမ်းချမ်းရေးကော်မီတီကို ပြန်ဖွဲ့မည်

  • 27 မေ 2016
UPDJC ဓာတ်ပုံ မူပိုင် EPA
Image caption ၂၁ ရာစု ပင်လုံ ညီလာခံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ပြင်ဆင်နေ

NCA နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူစာချုပ် အရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၂၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံရာမှာ ကော်မီတီကို ပြင်ဆင်ဖွဲ့စည်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

UPDJC ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော် သုံးခုပေါင်းထားတဲ့ အစုအဖွဲ့၊ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ တွေက ကိုယ်စားလှယ် ၁၆ ဦးစီနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ရွေးကောက်ခံရတဲ့ ပါတီတွေပဲ ပါရမယ်

အဲဒီအစုအဖွဲ့ထဲကမှ နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ် တွေကိုတော့ လွှတ်တော် တစ်ခုမဟုတ် တစ်ခုမှာ အနည်းဆုံး ကိုယ်စားလှယ် တစ်ဦး ပါဝင်တဲ့ နိုင်ငံရေးပါတီတွေကိုပဲ ငြိမ်းချမ်းရေး ညီလာခံထဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ပေးမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

အရင်တုန်းက UPDJC မှာ ပါဝင်ခွင့်ရခဲ့ပြီး အသစ်ပြန်လည်ဖွဲ့စည်းမယ့် ကော်မီတီမှာ ပါဝင်ခွင့်မရတဲ့ နိုင်ငံရေးပါတီတွေကိုတော့ အရပ်ဖက်အဖွဲ့အစည်းများ ညီလာခံမှာ ပါဝင်ဖို့ သူက ပြောသွားခဲ့ပါတယ်။

ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်

အခု ပြန်လည်ဖွဲ့စည်းမဲ့ UPDJC မှာ ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူမှာ ဖြစ်ပြီး ဒုဥက္ကဌ (၁)အဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ဒုဥက္ကဌ (၂) အဖြစ် ဒေါက်တာ တင်မျိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးလှမောင်ရွှေက တာဝန်ယူကြမှာဖြစ်ပါတယ်။

တစ်ခါ လက်ရှိ အစိုးရ လုပ်ချင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာကလည်း NCA အရ ပေါ်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနဲ့ အတူတူ တစ်ခုထဲပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမည် နှစ်မျိုးကွဲနေပေမယ့် တကယ်တန်းတော့ တစ်မျိုးတည်း တစ်ခုတည်းပါလို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံကို ဇူလိုင်လထဲမှာကျင်းပဖို့ ပြင်ဆင်ထားပြီး မေလ ၂၈ ရက် စနေနေ့မှာတော့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။