ကျောက်မျက်အသင်း အလွဲသုံးစားမှု တိုင်ကြားချက် စစ်ဆေး

  • 29 မေ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကျောက်မျက်အသင်း အမှုဆောင်တွေ ကိုယ်တိုင် တိုင်ကြားခဲ့

ပြီးခဲ့တဲ့ အစိုးရ လက်ထက်က ကျောက်မျက် ရတနာအသင်း ရန်ပုံငွေ အတွက် ကောက်ခံ ထားတဲ့ ယူရိုငွေ ၈၆ သန်း နဲ့ ပတ်သက်ပြီး စာရင်းအင်း မတွေ့ ရတဲ့ အတွက် တိုင်ကြားမှုကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ခုံရုံးဖွဲ့ပြီး စတင် စစ်ဆေး နေပါတယ်။

အဲဒီ ငွေတွေ စာရင်းပျောက် နေတယ်ဆိုပြီး ကျောက်မျက် အသင်း အမှုဆောင်တချို့က သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ ဥပဒေရေးရာ နဲ့ အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို တိုင်ကြား ရာကနေ သယံဇာတ ဝန်ကြီးဌာန အောက်က သတ္တုတွင်း ဌာန ကနေ စစ်ဆေးရေး ခုံရုံး ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

တိုင်ကြား ခံရ သူတွေထဲမှာ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဝန်ကြီးဟောင်း ဦးစိုးသိမ်း တို့ရဲ့ အမည်တွေလည်း ပါဝင်ပါတယ်။

အဲဒီရန်ပုံငွေ စုစုပေါင်း ယူရိုငွေ ၉၃ သန်း ရှိတဲ့အနက် စာရင်းမရှိတဲ့ ၈၆ သန်း နဲ့ ပတ်သက်ပြီး ဘယ်သူတွေ ဘယ်လောက် ယူသွားလဲဆိုတဲ့ စာရင်းကို တောင်းထားကြောင်း တိုင်ကြားမှု ကို ဦးဆောင်သူ မြန်မာ နိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကျော်ကျော်ဦး ကပြောပါတယ်။

အဲဒီ စာရင်း တွေကို စုံစမ်းရေး ကော်မရှင်ဥက္ကဌ ဗိုလ်မှူးကြီး ဝင်းထိန်က ထုတ်ပေးမယ်လို့ ကတိပေး ထားကြောင်း သူကဆိုပါတယ်။

ကျောက်မျက် အသင်းချုပ် က သုံးလိုက်တဲ့ ငွေတွေနဲ့ ပတ်သက်တဲ့အထောက်အထား တွေတော့ ရှိကြောင်း နဲ့ အဲဒီလို သုံးစွဲ ရာမှာ လွဲမှားမှုတွေ ရှိတယ် လို့ ဦးကျော်ကျော်ဦးက ပြောပါတယ်။

အရင် တုန်းကတော့ အဖိနှိပ်ခံ ဘဝ နဲ့နေခဲ့ရတာ ဖြစ်လို့ မတိုင်ကြားနိုင်ဘဲ အစိုးရသစ်လက်ထက် ကျမှ တိုင်ကြားခဲ့တာဖြစ်တယ်လို့ လည်းသူက ပြောပါတယ်။