ရှမ်းပြည် တိုင်းရင်းသားပါတီများ အဖွဲ့ချုပ် ဖွဲ့မယ်

  • 30 မေ 2016
Shan State Flag

ရှမ်းပြည်နယ်တွင်း နိုင်ငံရေးပါတီ ၁၃ ခု စုစည်းပြီး ရှမ်း ပြည်နယ် တိုင်းရင်းသား နိုင်ငံရေး ပါတီများ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ဖို့ မေလ ၂၉ ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ အစည်းဝေးမှာ သဘောတူ ခဲ့ကြပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံးရ ထားတဲ့ ပါတီ ကတော့ အဲဒီအစည်းဝေး ကို တက်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရ ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှာ နေရာအများအပြား အနိုင်ရခဲ့တဲ့ ကျားဖြူ ခေါ် ရှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီက အဲဒီအဖွဲ့ချုပ် ဖွဲစည်းရေးကို ဦးဆောင်ပြီး ကမကထ လုပ်တာ ဖြစ်ပါတယ်။

ကျားဖြူ ပါတီဟာ အရင် သမ္မတ ဦးသိန်းစိန် လက်ထက်က ပြည်နယ်အစိုးရ အဖွဲ့ထဲမှာ ပါခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကာလက တိုင်းရင်းသား ပါတီတွေ စုစည်းမှု မရှိခဲ့တဲ့ အတွက် လွှတ်တော်မှာရော၊ အစိုးရ အဖွဲ့ မှာပါ တိုင်ရင်းသားတွေ ပါဝင်မှု အားနည်း သွားခဲ့ရတယ်လို့ ရှမ်းတိုင်း ရင်းသားများ ဒီမို ကရက်တစ် ပါတီ ဒုတိယ ဥက္က ဋ္ဌ ဦးစိုင်းဆောင်စီက ပြောပါတယ်။

ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်လွှတ်တော် နဲ့ ပြည်ထောင်စု လွှက်တော်တွေမှာ နေရာ ၄၀ ကျော် အနိုင်ရခဲ့တဲ့ ကျားခေါင်း ပါတီခေါ် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဒီအစည်းဝေးကို တက်ရောက်ဖို့ ရောက်လာခဲ့ပေမဲ့ တက်ရောက် ခွင့်မရခဲ့ပါဘူး။

Image caption သတ်မှတ်ချိန် အမီ ကြိုတင် စာရင်းမပေးလို့ SNLD အစည်းအဝေးတက်ခွင့်မရတာလို့ ကျားဖြူပါတီပြော

ကျားခေါင်း ပါတီ ဘက်ကတော့ ရှမ်းပြည်နယ်အတွင်း နိုင်ငံရေး ပါတီ အဖွဲ့ချုပ် ထူထောင်မယ် ဆိုပြီး သူတို့ ပါတီကို ဘာကြောင့် လက်မခံတယ် ဆိုတာ စဉ်းစား မရကြောင်း ကျားခေါင်း ပါတီ ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

ပါတီချင်း မစည်းလုံးရင် လူထုလည်း ဝေဝါး သွားနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အခု ဒီ ကိစ္စပေါ် သူတို့ အနေနဲ့ အာဃာတ မရှိကြောင်းနဲ့ ရှမ်းပြည်နယ် အတွင်းပါတီတွေ စုစည်းပြီး လာမယ့် ဇွန်လဆန်းမှာ ကျင်းပဖို့ ရှိတဲ့ ၂၁ ရာစု ပင်လုံညီ လာခံ အထောက် အကူပြုရေး အစည်းဝေးကျရင် ကျား ဖြူပါတီကို ပြန်လည်ဖိတ်သွားမယ် လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။

ဒီပါတီ နှစ်ခုဟာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ပေါင်းစည်းဖို့ကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့ အဆင်မပြေခဲ့ ပါဘူး။

အခု ရှမ်းပါတီ တွေ တစုတစည်းတည်း ရှိနေဖို့ ဖွဲစည်းရေးမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲချုပ်ရဲ့ မဟာမိတ် ကျားခေါင်း ပါတီ ပါဝင် ရေးကတော့ အသေအချာ မပြောနိုင် ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ