၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီတွေဖွဲ့

Peace Conference Daw Aung San Suu Kyi
Image caption မေလလယ်က ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်ပြီး ငြိမ်းချမ်းရေး ညီလာခံ အကြို ဆွေးနွေးခဲ့

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ ဆပ်ကော်မတီ တွေကို မေလ ၃၁ ရက်က ဖွဲ့စည်းလိုက် ပါတယ်။

ဒါ့အပြင် အမျိုသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေး ကော်မတီ NRPC ကိုလည်း ဖွဲ့စည်းလိုက် ပါတယ်။

NRPC ဆိုတာရဲ့ ခေါင်းစဉ် အောက်မှာ ငြိမ်းချမ်းရေး သာမက အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေ ပါဝင်လာမှာ ဖြစ်တယ်လို့ သမ္မတရုံး ဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

အသစ် ဖွဲ့လိုက်တဲ့ ကော်မတီတွေ ဆောင်ရွက်မယ့် ကိစ္စတွေကို တိတိကျကျ ထုတ်ဖော် မပြောသေးပေမဲ့ လုပ်ငန်းတွေ ကတော့ စတင်နေပြီဖြစ်ပါတယ်။

အသစ် ဖွဲ့လိုက်တဲ့ ကော်မတီမှာပါတဲ့ ပုဂ္ဂိုလ် တချို့က အပစ်ရပ် လက်မှတ်မထိုးရသေးတဲ အဖွဲ့တွေနဲ့ အခု တစ်ပတ် ထဲမှာ တွေ့ဖို့ စီစဉ်နေပါတယ်။

ဇွန်လ ၂ ရက်နေ့ မှာ ဒေါက်တာတင်မျိုးဝင်းနဲ့ တပ်ဖက်က ကိုယ်စားလှယ်တွေ ချင်းမိုင်ကို သွားကြဖို့ ရှိသလို ဝဒေသ ပန်ဆန်းမှာလည်း အပစ်ရပ် လက်မှတ် မထိုးတဲ့ အဖွဲ ၇ ဖွဲ့နဲ့ တွေ့ဖို့ ပြင်ဆင်နေပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ ဘယ်လို ပါဝင်နိုင်ကြမလဲ ဆိုတာ တွေ့ဆုံ နည်းလမ်း ရှာကြမှာ ဖြစ်တယ်လို့ ၂၁ ရာစု ပင်လုံ ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီ အတွင်း ရေးမှူး ဦးလှမောင်ရွှေက ပြောပါတယ်။

Image caption အပစ်မရပ်သေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးမယ့် ကော်မတီအဖွဲ့မှာ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ပါဝင်

အရင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ တပ်ဖက်က လက်မခံခဲ့တဲ့ MNDAA ကိုးကန့် အဖွဲ့၊ AA ရခိုင့်တပ်မတော်နဲ့ TNLA တအာင်း အဖွဲ့တို့ ပါဝင်ရေးက အခက်အခဲ ဖြစ်နေပါတယ်။

အဲဒီ သုံးဖွဲ့နဲ့ ပတ်သက်လို့ တပ်မတော် ဘက်က သဘောထားကို ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကို ဆက်သွယ် မေးကြည့်တော့ တွေ့လို့ရရင် တွေ့ကြည့်ပြီး တပ်မတော်ဘက်က ပြောထားတဲ့ နည်းလမ်းတွေ အရ ဘယ်လို ပါဝင်နိုင်ကြမလဲ ဆိုတာ ဆွေးနွေး ကြမယ်လို့ ပြောပါတယ်။

၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီမှာ ဥက္ကဋ္ဌ အဖြစ် ဒေါက်တာတင်မျိုးဝင်း၊ အဖွဲ့ဝင်တွေအဖြစ်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးနှစ်ဦးအပြင် လွှတ်တော် အစိုးရအဖွဲ့နဲ့ အရပ်ဖက် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီအောက်မှာ ဆပ်ကော်မတီ ၁ နဲ့ ၂ ဆိုပြီး ဖွဲ့စည်းထားပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်တဲ့ ဆပ်ကော်မတီ ၁ က အပစ်ရပ် လက်မှတ်ထိုး ထားတဲ့အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိုဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒေါက်တာ တင်မျိုး ဝင်းက ဦးဆောင်တဲ့ ဆပ်ကော်မတီ ၂ ကတော့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ဇွန်လ ၁ ရက်က စတင် လုပ်ဆောင်မှာပါ။

ဦးသိန်းစိန် အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ MPC ကိုပြင်ဆင်ဖွဲ့စည်းမယ့် NRPC ကော်မတီမှာတော့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ဥက္ကဌ ဖြစ်ပြီး ဒုတိယ ဥက္ကဌ အဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်တို့ ပါဝင်လာ ပါတယ်။

အဖွဲ့ဝင်တွေအနေနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒေါက်တာတင်မျိုးဝင်း၊ ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့နဲ့ စီမံဘဏ္ဍာ က အဆင့်မြင့် အရာရှိကြီးတွေ ပါဝင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ