မြန်မာဒုက္ခသည်တွေကို ပြန်ပို့ဦးမှာ မဟုတ်ဘူးလို့ ထိုင်းဘက်ကပြော

_dassk_maela_thai ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၂ ဇွန်လမှာ မယ်လ ဒုက္ခသည် စခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တုန်းက။

မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာ ပေမယ့်လည်း ထိုင်း-မြန်မာ အစိုးရ အကြား ဆွေးနွေးမှုတွေ အရင် မပြုလုပ် ပဲနဲ့ မြန်မာ ဒုက္ခသည်တွေကို ပြန်ပို့မှာ မဟုတ်ဘူးဆိုပြီး ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာ အစိုးရ ဘက်က ဒုက္ခသည်တွေကို ဘယ်လို အစီအစဉ် မျိုးနဲ့ ပြန်လည် လက်ခံမယ် ဆိုတာ အပါအဝင် အသေးစိတ် မညှိနှိုင်း ရသေးပဲနဲ့ ထိုင်း အစိုးရက ဒုက္ခသည်တွေကို ပြန်ပို့ဖို့ မဖြစ်နိုင်ဘူး ဆိုပြီး ကရင်ပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းဘက်ခြမ်းက တာ့ခ်ခရိုင်ရဲ့ ဒုတိယ အုပ်ချုပ်ရေးမှုး နိုင်ဆွတ် ထာ ဆိုင်ဝါနစ် က ဆိုပါတယ်။

ဒါပေမယ့် အဲဒီလို ၂ နိုင်ငံ အစိုးရတွေကြား ဒုက္ခသည် အရေး ဘယ်တော့ ထပ်ပြီး ဆွေးနွေး ကြမလဲ ဆိုတာကိုတော့ မပြောပါဘူး။

တာ့ခ်ခရိုင်ထဲက ဒုက္ခသည်တွေကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက စစ်တမ်း ကောက်ယူကြည့်တော့ မြန်မာနိုင်ငံထဲက နေရပ်ရင်းကို ပြန်လိုသူတွေ၊ တတိယ နိုင်ငံကို သွားပြီး အခြေချ ချင်သူတွေနဲ့ ထိုင်းနိုင်ငံမှာပဲ ဆက်နေချင်တွေ ဆိုပြီး ၃ အုပ်စုကို တွေ့ခဲ့ရတယ်လို့ မဲဆောက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

လောလောဆယ်မှာတော့ နိုင်ငံခြား တိုင်းပြည်တွေမှာ သွားပြီး အခြေချထားသူတွေရဲ့ မိသားစုပြန်လည် ပေါင်းစည်းရေး ကလွဲပြီး တခြားလူတွေ အတွက် တတိယနိုင်ငံတွေမှာ ပြောင်းရွှေ့ အခြေချတဲ့ အစီစဉ်ကို ရပ်ထားပါတယ်။

ဒါ့အပြင် နေရပ် ပြန်လိုသူတွေ အတွက် မြန်မာပြည် ပြန်ရောက်ရင် အလုပ်လုပ်ကိုင် စားသောက် နိုင်အောင် အသက်မွေး ဝမ်းကြောင်း သင်တန်းတွေ ဒုက္ခသည် စခန်းတွေမှာ ပို့ချ နေတာမျိုးတွေ လည်း ရှိနေပါတယ်။

ကရင်ပြည်နယ် ထဲမှာလည်း နိုင်ငံခြား ပရဟိတအဖွဲ့တွေက ကရင်ပြည်တွင်း ဒုက္ခသည်တွေကို ပြန်လည်လ နေရာချထားမယ် ဆိုရင် ပေးမယ့် နေရာတွေ ကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးအဖွဲ့တွေ၊ ဒေသတွင်း အာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလည်း ရှိပါတယ်။

ထိုင်းနယ်စပ် လုံခြုံရေး တာ၀န်ရှိသူတွေကတော့ ထိုင်းနိုင်ငံ နယ်စပ်က မြန်မာနိုင်ငံသား ဒုက္ခသည်တွေ နေရပ် ပြန်နိုင်ရေးဟာ အနည်းဆုံး နောက်ထပ် ၃နှစ်လောက် ကြာနိုင်တယ်လို့ ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ