ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး ကော်မတီဖွဲ့

ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို ဒေါ်အောင်ဆန်းစုကြည် ဉီးစားပေး ဆောင်ရွက်မယ်။

ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖေါ်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်း ကော်မတီ ၄ ခုကို မေလ ၃၀ ရက်က နေ့စွဲနဲ့ သမ္မတ ဦးထင်ကျော်က ထုတ်ပြန်လိုက်ပါတယ်။

ဗဟိုကော်မတီမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စု နယ်လုံဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီး ဦးညီပုတို့က ဒုတိယဥက္ကဋ္ဌတွေ အဖြစ် ဆောင်ရွက်မှာ ဖြစ်ပြီး ဝန်ကြီးဌာန ၂ဝ က ဝန်ကြီးတွေက အဖွဲ့ဝင်တွေ အဖြစ် ဆောင်ရွက်ကြမှာပါ။

လုပ်ငန်းကော်မတီ ၄ ခုကတော့ လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေး၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ နိုင်ငံသား စိစစ်ရေး၊ ပြန်လည် နေရာချထားရေးနဲ့ စီးပွားရေး တိုးတက်ရေး၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ပူးပေါင်း ဆက်ဆံရေး စတဲ့ ကော်မတီတွေ ဖြစ်ပါတယ်။

အခု ဒီကော်မတီတွေ ဖွဲ့စည်းရတာက ဒီပြည်နယ်ဟာ တခြားပြည်နယ်တွေနဲ့ မတူသလို ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ဦးစားပေး ဆောင်ရွက်မယ့် ကိစ္စ ဖြစ်နေကြောင်း နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

အခု ကော်မတီ ၅ ခုဖွဲ့ရတာကလည်း သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှာ တပြိုင်နက် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ် ၁၁ ခု လုပ်ဆောင်ဖို့ ရှိတယ်လို့ ပြည်ထောင်စု နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းထွန်းညိုက ဘီဘီစီကိုပြောပါတယ်။

ကော်မတီတွေအနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို အမြန်ဆုံး အကောင်အထည် ဖော်သွားမှာ ဖြစ်သလို ဒေသခံတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားဖို့ ရှိတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပါတီတွေ အမြင်

အကောင်အထည် ဖေါ်မယ့်လုပ်ငန်း ၁၁ ခုထဲမှာ လူမှု အသိုင်းအဝိုင်း ၂ ခု တည်ငြိမ်အေးချမ်းရေး တွေ ပါဝင်ပါတယ်။ အခုလို အစိုးရ ကော်မတီဖွဲ့ပြီးဆောင်ရွက်တဲ့နေရာမှာ ရခိုင်လူမျိုးတွေ ဖြစ်ချင်တာတွေနဲ့ ရခိုင်အမျိုးသား ပါတီ နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း လိုတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကဘီဘီစီကို ပြောပါတယ်။

နိုင်ငံသား အခွင့်အရေး အပြည့်အဝရမယ်၊ ခွဲခြားဆက်ဆံတာတွေ မလုပ်ဘူးဆိုရင် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားဖို့ရှိ တယ်လို့ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင်တွေနဲ့ ဖွဲ့စည်း ထားတဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင် တိုင်းရင်းသားတွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ပဋိပက္ခဖြစ်ခဲ့တာကို တည်ငြိမ် အေးချမ်းရေး လုပ်ဆောင်ဖို့နဲ့ အေအေ ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာကိုလည်း ငြိမ်းချမ်းအောင် လုပ်ဆောင်ဖို့ လည်းရှိနေပါတယ်။