မြန်မာ့စီးပွားရေး တိုးတက်နှုန်း ကျဆင်းခဲ့တယ်လို့ ကမ္ဘာ့ ဘဏ် ထုတ်ပြန်

_world_bank_myanmar_report_
Image caption ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ရဲ့ ပထမ ကိုးလအတွင်း ပို့ကုန်တန်ဖိုး၂% ကျဆင်းခဲ့။

မြန်မာ့ စီးပွားရေးဟာ အရင် ၂ နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၀၁၅-၁၆ ထဲမှာ တိုးတက်မှု အနည်းငယ် နှေးသွားပေမယ့် ဆက်လက် ခိုင်မာ နေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

အရင်နှစ်တွေက စီးပွား တိုးတက်နှုန်း ၈.၅% ရှိခဲ့ရာက ၂၀၁၅-၁၆ မှာတော့ စီးပွားတိုးနှုန်း ၇% ပဲ ရှိတယ် ဆိုပြီး ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်မှု တွေက ဆိုပါတယ်။

ဒါဟာ ၂၀၁၅ အတွင်း မြန်မာ နိုင်ငံ တဝှမ်း ရေကြီးမှုတွေ ကြုံတွေ့ ခဲ့ရတာ အပါအဝင်၊ ရွေးကောက်ပွဲနှစ် ဖြစ်တာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ ကျဆင်း ခဲ့သလို၊ ကမ္ဘာ့ စီးပွားရေး မှာလည်း ကုန်စည်နဲ့ ဝန်ဆောင်မှု တန်ဖိုးတွေ ကျဆင်း ခဲ့တာကလည်း မြန်မာ့ ပို့ကုန် လုပ်ငန်းတွေကို ထိခိုက် စေခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၅ အောက်တိုဘာ လမှာ ငွေကြေး ဖောင်းပွမှုနှုန်း ၁၆ % အထိ ရှိခဲ့ပြီး ဘဏ္ဍာနှစ်ရဲ့ ပထမ ကိုးလအတွင်း ပို့ကုန်တန်ဖိုး၂% ကျဆင်းခဲ့တယ် လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုပါတယ်။

အခုလို စီးပွားရေး တိုးတက်နှုန်း ကျဆင်းတဲ့ အပေါ်မှာ အစိုးရဘက်က ကိုင်တွယ်တဲ့ အနေနဲ့ လယ်ယာ ထွက်ကုန်တွေ ကို မွမ်းမံ ပြင်ဆင် ပေးတဲ့ စက်မှုလက်မှု ကဏ္ဍတွေ ဦးစားပေး ဆောင်ရွက်ဖို့ ရှိတယ် ဆိုပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်မှာ ရှိတဲ့ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်က ဘီဘီစီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံတွင်း ပိုမို ချောမွေ့တဲ့ ငွေလဲလှယ်နှုန်း စနစ်ကို ဖော်ဆောင်ဖို့ ၊ လျှပ်စစ်မီးနဲ့ နိုင်ငံပိုင် ဘဏ်တွေ ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ စတာတွေ အကြံပြု ထားပါတယ်။

လာမယ့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာတော့ နိုင်ငံတွင်း စီးပွားရေး ပြန်လည် တိုးတက် လာနိုင်ပြီး၊ အစိုးရကတော့ ၇.၈% ကမ္ဘာ့ဘဏ် ကတော့ တိုးတက်မှုနှုန်း ၇.၅% ရှိလိမ့်မယ်လို့ ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ