ပရဟိတ စာရေးဆရာမ မြို့တော်စည်ပင် ကော်မတီ၀င် ဖြစ်လာ

daw_than_myint_aung
Image caption လာဘ်ပေး လာဘ်ယူကင်းတဲ့ ဌာနကြီး ဖြစ်အောင် ကြိုးစား သွားမယ်။

ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ကို အသစ် ပြန်ဖွဲ့ဖို့ ပြင်ဆင် နေတာမှာ စည်ပင် ကော်မတီဝင် အသစ်(၄)ဦးကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ခန့်အပ် လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ့ အထဲ နာရေး ကူညီမှု အသင်းရဲ့ လုပ်ငန်းတွေ အပါအဝင် ပရဟိတ အလုပ်တွေ လုပ်ဆောင် နေတဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် လည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

စည်ပင် ဌာနကြီးရဲ့ ပုံရိပ် တစ်ခုလုံးကို အခု အစိုးရ လက်ထက် ပြောင်းလဲ သွားအောင် လုပ်ဆောင် ပြီး အဂတိကင်း၊ လာဘ်ပေး လာဘ်ယူကင်းတဲ့ ဌာနကြီး ဖြစ်အောင် ကြိုးစား သွားမယ်လို့ ဒေါ်သန်းမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

ကျန် ၃ ယောက်ကတော့ အစိုးရ ရုံးတွေမှာ ညွှန်မှူး၊ ဒုညွှန်မှူး စတဲ့ ရာထူးတွေနဲ့ တာဝန် ထမ်းခဲ့ဖူးသူတွေ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆရာမ ဒေါ်သန်းမြင့်အောင် လိုပဲ ဒေါ်မေမေသွင်ကို ကော်မတီဝင် အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပြီး၊ အတွင်းရေးမှူး နဲ့ တွဲဖက် အတွင်းရေးမှူး နေရာတွေမှာ ဒေါ်လှိုင်မော်ဦးနဲ့ ဦးသန်းတို့ကို အသီးသီး ခန့်အပ် လိုက်တာပါ။

ရန်ကုန် မြို့တော်ဝန်သစ် အဖြစ် ဦးမောင်မောင်စိုး ရောက်ရှိ လာတဲ့ နောက်ပိုင်း မြို့တော် စည်ပင် ကော်မတီ အဆင့်ဆင့် ရွေးကောက်တဲ့ ဥပဒေကို ထပ်မံ ပြင်ဆင်ပြီး၊ ကော်မတီဝင် ၁၀၀ကျော်ကို တာဝန်ကနေ ရပ်စဲ ခဲ့ပါတယ်။

အများပြည်သူက ရွေးချယ် တင်မြှောက်ရမယ့် ကော်မတီဝင် နေရာတွေ အတွက် စည်ပင် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပေးမယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ