NCA ထဲ မပါတဲ့ အဖွဲ့တွေကို အစိုးရ ကိုယ်စားလှယ်တွေ ချင်းမိုင်မှာ လာတွေ့မယ်

_unfc_dr_tin_myo_win_to_meet_
Image caption NFC အဖွဲ့ဝင် တွေရဲ့ ခေါင်းဆောင် တွေ ကတော့ ချင်းမိုင်မှာ ဇွန်လ ၁ ရက်က စပြီး တွေ့ဆုံ နေကြပြီ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ် ပါဝင် မရေးထိုးရ သေးတဲ့ တိုင်းရင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံ ချင်တယ် ဆိုပြီး အစိုးရ ကိုယ်စားလှယ်တွေ ဘက်က ကမ်းလှမ်းချက် အပေါ် တိုင်းရင်းသားတွေ ဘက်က လက်ခံ လိုက်ပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ထိုင်း နိုင်ငံ ချင်းမိုင် မြို့မှာ ဇွန်လ ၃ ရက် သောကြာနေ့ တွေ့ဆုံ ကြဖို့ ရှိနေတယ် ဆိုပြီး တိုင်းရင်း လက်နက်ကိုင် တပ်ပေါင်းစု ဖြစ်တဲ့ UNFC က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို NLD ပါတီက ဒေါက်တာ တင်မျိုးဝင်း ဦးဆောင် လာမယ်လို့ မျှော်လင့် ရပါတယ်။

တွေ့ဆုံကြတဲ့ အခါ NCA ထဲ အဖွဲ့ အားလုံး ပါဝင်နိုင်ရေး ဆိုတဲ့ UNFC ရဲ့ မူကိုပဲ ဆုပ်ကိုင် ဆွေးနွေးမှာ ဖြစ်တယ်လို့ UNFC အတွင်းရေးမှူး ဦးခူဦးရယ် က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် အခု တွေ့ဆုံကြမယ် ဆိုတာဟာ အလွတ်သဘော တွေ့ကြမှာသာ ဖြစ်ပြီး၊ အစိုးရဘက်က ပြောလာမယ့် အကြောင်းအရာ ခေါင်းစဉ်တွေပေါ် မူတည်ပြီး UNFC ဘက်က စဉ်းစား ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့လည်း ဦးခူဦးရယ် က ဆိုပါတယ်။

အစိုးရ ကိုယ်စားလှယ် အဖွဲ့ကတော့ သူတို့ ကျင်းပမယ် ဆိုပြီး ပြောထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံ နဲ့ ပတ်သက်ပြီး ရှင်းပြ လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

ညီညွှတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင် တွေရဲ့ ခေါင်းဆောင် တွေ ကတော့ ချင်းမိုင်မှာ ဇွန်လ ၁ ရက်က စပြီး တွေ့ဆုံ နေကြပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ