ပြည်ပ အထည်ချုပ်တင်ပို့မှု တိုးလာ

Image caption အထည်ချုပ် လုပ်ငန်းက ရတဲ့ ဝင်ငွေ တနှစ်ထက် တနှစ် ပိုတိုးလာနေပေမယ့် အလုပ်သမားတွေ ရဲ့ အခွင့်အရေးတွေ အပြည့်အဝ မရကြသေး။

အခုနှစ်အတွက် မြန်မာနိုင်ငံကနေ ပြည်ပကို အထည်ချုပ် တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ အထိ ရဖို့ မျှော်မှန်းနေပြီး လောလောဆယ်မှာတော့ ဥရောပကို ချုပ်ထည်တွေ တင်ပို့မှု အများဆုံး ဖြစ်နေပါတယ်။

ပြည်တွင်း အထည်ချုပ် လုပ်ငန်းဟာ အရင်က ဂျပန်နဲ့ ကိုရီးယားကို အများဆုံး တင်ပို့နေခဲ့ပေမယ့် မနှစ်က စလို့ ဥရောပကို အများဆုံး တင်ပို့နေတာ ဖြစ်ပါတယ်။

မနှစ်က ပြည်ပကို အထည်ချုပ် တင်ပို့မှုက အမေရိကန် ဒေါ်လာ သန်း ၁၆၀၀ ကျော် ရှိခဲ့ပြီး ဒီနှစ်မှာတော့ ဒေါ်လာ သန်း ၂၀၀၀ အထိ ရှိဖို့ မျှော်မှန်းထားပါတယ်။

ဒီထဲက ဥရောပကို အများဆုံးအဖြစ် သန်း၁၀၀၀ လောက် ပို့နိုင်ဖို့ မှန်းထား ပါတယ်။

မြန်မာနိုင်ငံအပေါ် ဥရောပက စီးပွားရေး ပိတ်ဆို့မှု ကင်းလွတ်ပေးခဲ့ပြီးတဲ့နောက် အခွန် လျှော့ပေါ့ခွင့်ပါ ပေးထားတဲ့အတွက် အခုလို အထည်တွေ ပိုမို တင်ပို့နိုင်တာလို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက ဘီဘီစီကို ပြောပါတယ်။

ပြည်တွင်း အထည်ချုပ် လုပ်ငန်းဟာ လက်ခစား စနစ်နဲ့ အထည်ချုပ်လုပ်ပြီး ပြည်ပ နိုင်ငံတွေကို တင်ပို့နေတဲ့အတွက် မှန်းထားတဲ့ ဒေါ်လာသန်း ၂၀၀၀မှာ ချုပ်ခအနေနဲ့ ၁၀ရာခိုင်နှုန်း ရမှာ ဖြစ်လို့ ဒေါ်လာသန်း ၂၀၀ လောက် ဝင်ငွေ ရမယ်လို့ ဆိုပါတယ်။

တကယ်တော့ အထည်ချုပ် လုပ်ငန်းက ရတဲ့ ဝင်ငွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုတိုးလာနေပေမယ့် အလုပ်သမားတွေကတော့ အချိန်ပို လုပ်ခ လစာလိုမျိုး အခွင့်အရေးတွေ အပြည့်အဝ မရသေးဘူးလို့ အလုပ်သမားအရေး ညှိနှိုင်း ဖြေရှင်းပေးနေတဲ့ ခုံသမာဓိ ကောင်စီဝင် တရားလွှတ်တော် ရှေ့နေ ဦးဌေးက ပြောပါတယ်။