ပန်ဒါစက်ရုံ အလုပ်သမားတွေ ဆန္ဒပြ

Image caption ပန်ဒါ ချည်မျှင်နဲ့ အထည် အချောကိုင် စက်ရုံ အလုပ်သမားတွေ စနေနေ့မှာ နားခွင့်မရှိ အလုပ်ဆင်းနေရ

မန္တလေးတိုင်း ပုလိပ်မြို့နယ် ပန်ဒါ ချည်မျှင်နဲ့ အထည်အခေျာကိုင် စက်ရုံမှာ အလုပ်သမားနဲ့ ချုပ်ဆို ထားတဲ့စာချုပ်ကို အလုပ်ရှင်က မလိုက်နာဘဲ လစာတွေ ဖြတ်နေတယ်ဆိုပြီး ဇွန်လ ၃ရက်နေ့ကစလို့ အလုပ်သမား ၇ရာလောက် ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြ အလုပ်သမားတွေရဲ့ အပြောအရ ၂၀၁၅ ခုနှစ် မတ်လ မှာ အလုပ်ရှင် နဲ့ အလုပ်သမားတွေကြား ၂နှစ် သက်တမ်း ချုပ်ဆိုထားတဲ့ Employment Contract လို့ခေါ်တဲ့ EC အလုပ်သမား ငှားရမ်းစာချုပ်ထဲမှာ အလုပ်ချိန်ကို တပတ် နာရီ ၄၀ ပဲ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနေ့ကို သုံးဆိုင်းနဲ့ နေ့ရောညပါ လည်ပတ်နေတဲ့ စက်ရုံလုပ်ငန်းမှာ ညကြီးဆိုင်းလို့ ခေါ်တဲ့ ည ၁၁ နာရီကနေ မနက် ၇ နာရီအထိ ဆင်းရတဲ့ အလုပ်သမားတွေကို စာချုပ်အရ စနေ၊ တနင်္ဂနွေ နှစ်ရက် နားခွင့်ပေးရမယ့် အစား စနေနေ့မှာ အတင်း အလုပ်ဆင်းခိုင်းပြီး မဆင်းရင် လစာဖြတ်တယ်လို့ ပြောပါတယ်။

အခုအခါ နှစ်လဆက်တိုက် လစာဖြတ် ခံရတဲ့အတွက် အလုပ်သမား ၇၀၀ လောက်က စက်ရုံရှေ့မှာ ဆန္ဒပြကြတာ ဖြစ်တယ် လို့ ဆန္ဒပြ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဒေါ်ဇာခြည်ဝင်းက ဘီဘီစီကို ပြောပြပါတယ်။

ဒါပေမယ့်လည်း အလုပ်ရှင်ဖက်ကတော့ ဥပဒေအသစ်တွေ ထွက်ပေါ်လာရင် အဲဒီဥပဒေသစ်က ဥပဒေဟောင်းကို လွှမ်းမိုးတယ်လို့ EC စာချုပ်ထဲမှာ ဖော်ပြထားတာကြောင့် သူတို့ဖက်က ခုလို ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အတူ လုပ်ငန်း ပြိုင်ဆိုင်မှုတွေ များလာတဲ့အတွက် လုပ်အား လိုအပ်ချက်ကလည်း ပိုများလာတာကြောင့် ခုလို လုပ်တာလို့လည်း ပြောပါတယ်။

ခုလို အငြင်းပွားနေတာကို ဖြေရှင်းပေးဖို့ အတွက် နေပြည်တော်က အလုပ်သမားရေး ဆိုင်ရာ အရာရှိတွေ ဒီကနေ့မှာ စက်ရုံကို လာရောက်မှာ ဖြစ်တယ်လို့ မန္တလေးတိုင်း အလုပ်သမားရေးရာ ဌာန ဦးစီးမှူး ဦးမင်းမင်းဝင်းက ဘီဘီစီကို ပြောပါတယ်။

ခုပုံအတိုင်း ဆိုရင်တော့ EC စာချုပ်မှာ ပါတဲ့ အချက်တွေကို အလုပ်ရှင်က လိုက်နာဖို့ အလုပ်သမား ဦးစီးဌာနက ပြောမှာ ဖြစ်ပြီး မလိုက်နာရင် တရားစွဲဆိုမယ်လို့ ဆိုတာပါ။

ဒါပေမယ့် အလုပ်ရှင်ဘက်ကတော့ သူတို့ဟာ ဥပဒေ အတိုင်း ဆောင်ရွက်နေတာပါလို့ ဆိုနေတော့ ဒီပြဿနာဟာ အလုပ်ရှင်၊ အလုပ်သမားနဲ့ အာဏာပိုင်တွေ တွေ့ဆုံ ညှိနှိုင်းလို့ မပြေလည်ရင် တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံယူရမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။