အစိုးရ ငြိမ်းအဖွဲ့နဲ့ အပစ်ရပ်လက်မှတ်မထိုးတဲ့ အဖွဲ့တွေ တွေ့

  • 3 ဇွန် 2016
ဓာတ်ပုံ မူပိုင် epa
Image caption အပစ်ရပ်လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ တွေ့

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ် မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဂျွန်လ ၃ ရက်နေ့က ထိုင်နိုင်ငံ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ ယူအဲန်အက်ဖ်စီ ညီညွတ်သော တိုင်းရင်းသားများဖယ်ဒရယ်ကောင်စီက ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအဲန်) အနေနဲ့ တွေ့တာဖြစ်ပြီး အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ကေအိုင်အိုက ဗိုလ်ချုပ်ကြီးဂွမ်မော်က ဦးဆောင်ဆွေးနွေးခဲ့ပါပြီး အစိုးရ ဘက်က ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့စုံနဲ့တွေ့ဖို့ အစိုးရဘက်က ကမ်းလှမ်းထားပေမယ့် ဒီကနေ့တွေ့တဲ့အထဲမှာ အေအေ ရခိုင်တပ်မတော်၊ ပလောင်တပ်ဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

ဒီပီအဲန် တိုင်းရင်းသားတွေအနေနဲ့က အဲန်စီအေ စာချုပ်ကို ပြန်လည်သုံးသပ်ပေးဖို့ကို တောင်းဆိုခဲ့ပြီး အစိုးရကိုယ်စားလှယ်ဘက်က ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် ဖရိမ်ဝါ့ခ်လို့ခေါ်တဲ့ မူဘောင်တွေကို ပြန်လည်သုံးသပ်ပွဲကို အပစ်ရပ် စာချုပ် လက်မှတ်မထိုးတဲ့ အဖွဲ့တွေ အားလုံးတက်ရောက်ဖို့ဖိတ်ခေါ်ခဲ့တယ်လို့ အစိုးရဘက်က ပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ရွှေက ပြောပါတယ်။

ဒီဆွေးနွေးပွဲဟာ အပစ်ရပ် စာချုပ် လက်မှတ်မထိုးတဲ့ အဖွဲ့တွေ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်နိုင်ရေး အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး နည်းလမ်းရှာဖွေတဲ့ အနေအထားဖြစ်တယ်လို့ ဆိုပါတယ်။

ညီလာခံကျင်းပရေး မူဘောင်ဆွေးနွေးပွဲကို အခုလကုန်ပိုင်းမှာ ကျင်းပဖို့ရှိနေပါတယ်။

စစ်တပ်က လက်မခံသေးတဲ့ အေအေ ရခိုင်တပ်မတော်၊ ပလောင်တပ်ဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့တို့တော့ သီးသန့်တွေ့နိုင်ဖို့ ဆက်ချိန်းဆိုမယ်လို့ ဦးလှမောင်ရွေက ပြောပါတယ်။