မြစ်ဆုံဆည် မဆောက်ဖို့ မြစ်ကြီးနားမှာ ဆန္ဒပြ

  • 4 ဇွန် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ကချင် လူမျိုးတွေက စီမံကိန်း ကို ပြန်မစ စေချင်ဘူး လို့ဆို

တရုတ် သံအမတ်ကြီး ဟုန်လျန်က မြစ်ဆုံရေကာတာ စီမံကိန်းဟာ ကချင်ပြည်နယ် အပါအဝင် မြန်မာပြည် ဖွံ့ဖြိုးရေး အတွက် အရေးကြီးတယ် လို့ ပြောဆို ပြီးလိုက်လံ စည်းရုံး နေတာကြောင့် ဆန္ဒပြ ရတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တဦး ဖြစ်တဲ့ ကချင် လူမှု ဖွံ့ဖြိုးရေး ကွန်ရက် အထွေထွေ အတွင်းရေးမှူး ဦးစာဂျီး က ဘီဘီစီကို ပြောပါတယ်။

ကချင်လူမျိုး တွေက မြစ်ဆုံစီမံကိန်း ဆောင်ရွက်မှာကို လုံးဝမကြိုက်ကြဘူးလို့ သူကဆိုပါတယ်။

စီမံကိန်း စပြီဆိုရင် ရပ်ဖို့ ခက်မှာကြောင့် အခုလို ပြန်စဖို့ကြိုးပမ်း လာချိန်မှာ ကန့်ကွက်ရတာ ဖြစ်တယ် လို့လည်းပြောပါတယ်။

တရုတ် သံအမတ်ကြီး ဟုန်လျန် တည်းခိုတဲ့ Palm Spring Hotel ရှေ့မှာ ကချင်လူမျိုး ၅၀ လောက် ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ် သံ အမတ်ကြီးဟာ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေကို သောကြာနေ့ က တွေ့ဆုံခဲ့ ပါတယ်။

စနေနေ့ မှာတော့ ကချင်ပါတီ တွေနဲ့ တွေ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ဒေသဖွံ့ဖြိုးရေး နဲ့ မြစ်ဆုံစီမံကိန်း ပြန်စ နိုင်ရေး တို့ကို ဆွေးနွေးခဲ့ပါတယ်။

တရုတ် သံအမတ်ကြီး အနေနဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်စ နိုင်ရေး ကိုအဓိကထား ပုံရကြောင်း၊ ကချင်ပါတီ တွေ အနေနဲ့ကတော့ ပြည်သူ သူ တွေရဲ့ ထောက်ခံမှု မရရင် သူတို့လည်း ထောက်ခံလို့မဖြစ် နိုင်ကြောင်း ရှင်းပြခဲ့တယ်လို့ အဲဒီ တွေ့ဆုံပွဲ မှာ ပါဝင်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္ကဌ ဒေါက်တာ တူးဂျာက ပြောပါတယ်။

တရုတ် သံအမတ်ကြီး ကတော့ ပြည်သူတွေရဲ့ ထောက်ခံမှု ရှိနေတဲ့အတွက် စီမံကိန်းကို ပြန်စလိုကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ကိုပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ