SSPP ဆက်သွယ်လို့ ဆိုပြီး ရွာသူကြီးတွေနဲ့ ရွာခံတွေ အဖမ်းခံရ

sspp_ssa_shan
Image caption ရွာသူကြီးတွေ အနေနဲ့ အစိုးရ စစ်တပ်နဲ့ SSPP တို့ အကြား နှစ်ဘက်လုံးကို ကြောက်နေရ။

ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ်ထဲက ကျေးရွာသူကြီး တွေ အပါအဝင် ရွာသား တချို့ကို ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA နဲ့ အဆက် အသွယ် လုပ်တယ် ဆိုတဲ့ စွဲချက်နဲ့ အစိုးရ စစ်တပ်က ဖမ်းဆီး ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီရဲ့ ဒေသခံ လွှတ်တော် အမတ် တစ်ဦး က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

သိန္နီမြို့နယ် ပန်ဆုံ ကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ရွာသူကြီးတွေ အစည်းအဝေး လုပ်နေတုန်း စအဖ လို့ ခေါ်တဲ့ စစ်ထောက်လှမ်းရေးတွေ အပါအဝင် အစိုးစစ်တပ် ရောက်လာပြီး စုစုပေါင်း လူ ၈ ဦးကို ဖမ်းဆီး သွားတာ ဖြစ်တယ် ဆိုပြီး သိန္နီ မြို့နယ် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ထားရီ က ပြောပါတယ်။

ဒေသခံရွာတွေက လူဦးရေ အရေအတွက် အပါအဝင် သတင်း အချက်အလက်တွေကို ကောက်ယူပေးဖို့ SSPP ဘက်က ရွာသူကြီးတွေကို အမိန့် ထုတ်ထားတဲ့ အတွက် ရွာသူကြီးတွေ အနေနဲ့ နှစ်ဘက်အကြား ညပ်နေရတာ ဖြစ်တယ်လို့ ဒေါ်ခင်ထားရီ က ဆိုပါတယ်။

အဖမ်း ခံထားရတဲ့ သူတွေကို အခုလ ဇွန်လ ၂ ရက်နေ့မှာပဲ အစိုးရက မတရား အသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ အမှု ဖွင့်လိုက်ပြီလို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီး ထားတဲ့ သူတွေကို သန္နီ ရဲစခန်းထဲမှာ ချုပ်နှောင် ထားရာကနေ လုံခြုံရေး အရ ဆိုပြီး တပ်မ ၁၆ ထဲ ပြောင်းရွှေ့ ထားတယ်လို့ ဒေါ်ခင်ထားရီ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ