စီမံကိန်းကြီးတွေကို အမြန်ဆုံး သုံးသပ်ထုတ်ပြန်သင့်

Myanmar forest ဓာတ်ပုံ မူပိုင် EPA
Image caption သစ်တောပြုန်းတီးမှုကတဆင့် ဆိုးကျိုးတွေ များနိုင်

မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်လို့ လူအများထောက်ပြကြတဲ့ စီးပွားရေး စီမံကိန်းကြီးတွေကို အစိုးရဘက်က အမြန်သုံးသပ်ပြီး လူတွေသိအောင် ထုတ်ပြန်သင့်ကြောင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ပညာရှင်တစ်ဦးက ပြောလိုက်ပါတယ်။

မြစ်ဆုံလို စီမံကိန်းတွေ၊ သံလွင်မြစ် စီမံကိန်းတွေကို အစိုးရဘက်က လေ့လာသုံးသပ်မယ်လို့ ပြောထားကြောင်း၊ အစိုးရသစ်တက်လာတာ ၂ လလောက် ရှိသေးတယ်ဆိုပေမယ့် လူထုနဲ့ အမြန်ဆုံးတိုင်ပင်ပြီး ချပြသင့်ကြောင်း စိမ်းလမ်းအမိမြေ သဘာဝပတ်၀န်းကျင် ထိန်းသိမ်းရေးအသင်းက စီမံအုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက ဘီဘီစီကို ပြောပါတယ်။

သစ်တောပြုန်းတီးမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ စီးပွားရေး စီမံကိန်းကြီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အစိုးရဘက်က သစ်တောပြုန်းတီးမှု ထိမ်းသိန်းရေးအတွက် ပြတ်ပြတ်သားသား နဲ့ စတင်လုပ်ဆောင်တာတွေကိုတော့ ကြိုဆိုကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံက သစ်တောပြုန်းတီးမှုနှုန်းဟာ ကမ္ဘာမှာ အဆိုးဆုံးတွေထဲမှာ ပါဝင်ပြီး တစ်နှစ်ကို တစ်ရာခိုင်နှုန်းလောက်နဲ့ လျော့နည်း ပြုန်းတီးလာနေတယ်လို့ ဦးဝင်းမျိုးသူက ထောက်ပြပါတယ်။

ဒီနှုန်းအတိုင်း ပြုန်းတီးမယ်ဆိုရင် မကြာခင် သစ်တောတွေ ကုန်ဆုံးပြီး သစ်တောအနီးဝန်းကျင်မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံက လူ ၂၂ သန်းလောက်ကို တိုက်ရိုက်ထိခိုက်ဖို့ ရှိသလို ရာသီဥတုပြောင်းလဲမှုကိုပါ ထိခိုက်နိုင်တယ်လို့ သူက သတိပေး ပြောဆိုလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ