နိုင်ငံသားစိစစ်ရေး ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ပါတီစိုးရိမ်

  • 6 ဇွန် 2016
Rohingya
Image caption ရိုဟင်ဂျာ အမည် ခေါ်ဝေါ်သုံးစွဲမှုနဲ့ ပတ်သက်လို့ အငြင်းပွားနေ

ရခိုင်ပြည်နယ် အတွင်း နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေကို အများ နိုင်ငံသားတွေ နည်းတူ ဆောင်ရွက်ပေးဖို့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးပါတီက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို စာရေးသား တောင်းဆိုလိုက် ပါတယ်။

အဲဒီစာထဲမှာ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသား ဖြစ်ခွင့် အခွင့် အရေးတွေနဲ့ ပတ်သက်လို့ နစ်နာနေတဲ့ အကြောင်းနဲ့ စိုးရိမ် မကင်းကြောင်းတွေ ရေးသားထား ပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်က နိုင်ငံသား စိစစ်မှု လုပ်ရာမှာ ၁၉၈၉ ခုနှစ်က ဖြည့်ခဲ့တဲ့ လဝက ပုံစံနဲ့ ဆောင်ရွက်တာ မဟုတ်ဘဲ နိုင်ငံသား ဖြစ်လိုတဲ့ နိုင်ငံခြားသားတွေ လျှောက်ရမယ့် လျှောက်လွှာ ပုံစံမျိုးနဲ့ ဖြည့်စွက်ခိုင်းခဲ့တယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ အချိန်က ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ ရိုဟင်ဂျာ ၉၀ ရာခိုင်နှုန်းနီးပါးက စိစစ်ခံခဲ့ပြီးသား ဖြစ်တဲ့ အတွက် အဲဒီ ပုံစံ အတိုင်း နိုင်ငံသား လက်မှတ်ထုတ်ပေးရင် အလွယ်တကူ ဖြစ်စေနိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ နိုင်ငံသား စိစစ်ရေး အစီအစဉ်ဟာ ရိုဟင်ဂျာတွေကို တင်းပြည့် နိုင်ငံသား အဆင့်ထက် နိမ့်ကျတဲ့ အဆင့် ရောက်စေတဲ့ပုံစံ ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ အနေနဲ့ ရခိုင် တိုင်းရင်းသားတွေ မွတ်ဆလင် တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး အစိုးရရဲ့ ပေါ်လစီကို ပွင့်ပွင့်လင်းလင်း ချပြသင့်တယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါတယ်။

ဒါ့အပြင် အစိုးရ အနေနဲ့ ဒေသခံတွေရဲ့ အနေအထားတွေကို ထည့်သွင်း စဉ်းစားပြီး အကောင်အထည် ဖော်မယ် ဆိုရင် အဆင်ပြေလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ