စင်္ကာပူဝန်ကြီးချုပ် မြန်မာပြည် ခရီးစဉ် ဒီနေ့ စမယ်

Image caption နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး အနှစ် ၅၀ ပြည့် ကာလမှာ ဝန်ကြီးချုပ် လီ မြန်မာပြည်ကို လာရောက်။

စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ၃ ရက်တာ မြန်မာပြည် ခရီးစဉ် ဇွန်လ ၇ ၇က်နေ့မှာ စတင်ဖို့ ရှိနေပါတယ်။

စင်္ကာပူ-မြန်မာ သံတမန် ဆက်ဆံရေး အနှစ် ၅၀ ပြည့် ကာလနဲ့ တိုက်ဆိုင်ပြီး ဝန်ကြီးချုပ် လီ မြန်မာပြည်ကို လာရောက်တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို ခိုင်မြဲအောင် ဆွေးနွေးဖို့နဲ့ မြန်မာ နိုင်ငံ တိုးတက် ဖွံ့ဖြိုးရေးမှာ စင်္ကာပူ နိုင်ငံက အထောက်အပံ့ပေး ကူညီဖို့ စိတ်ပိုင်းဖြတ် ထားတယ်ဆိုတာ ပြသနိုင်ဖို့ အတွက် ဝန်ကြီးချုပ်လီ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ထားပါတယ်။

စင်္ကာပူနဲ့ မြန်မာ အစိုးရ တစ်ရပ်ရပ်ကို ဝင်ငွေခွန် ပေးနေသူတွေ အပေါ် ကျန် အစိုးရကပါ ထပ်ပြီး အခွန် ကောက်ခံတာ ကနေ ရှောင်ရှားဖို့ နှစ်နိုင်ငံ သဘောတူ ထားပြီး ဖြစ်ပေမယ့်၊ ခေတ်ကာလနဲ့ လျော်ညီအောင် ပြုပြင်ဖို့ မြန်မာဘက်က ပြင်ဆင် ထားတယ် ဆိုပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ အကြား ဗီဇာ မလိုပဲ အပြန်အလှန် သွားရောက်နိုင်ဖို့ ကိစ္စ အထမြောက် လာအောင် နိုင်ငံခြားရေး ဌာနက ကြိုးစား နေတယ် ဆိုပြီး ဦးကျော်ဇေယျ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ