စင်္ကာပူမြန်မာ ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် သဘောတူ

  • 7 ဇွန် 2016
S'pore PM and Burmese President U Htin Kyaw ဓာတ်ပုံ မူပိုင် Reuters
Image caption စင်္ကာပူ ဝန်ကြီးချုပ်ကို သမ္မတ ဦးထင်ကျော်က ဂုဏ်ပြု တပ်ဖွဲ့နဲ့ ကြိုဆို

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ် အဖြစ် စင်္ကာပူ ဝန်ကြီးချုပ်လီရှန်လွန်း မြန်မာ နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

ဝန်ကြီးချုပ်လီရှန်လွန်းဟာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်တို့နဲ့တွေ ဆုံခဲ့ အပြီးမှာ နှစ်နိုင်ငံ ဗီဇာမလိုပဲ အပြန်အလှန် သွားလာခွင့်ပြုတဲ့ သဘောတူညီချက်ကို ထုတ်ပြန်လိုက်ပါတယ်။

ဒီသဘောတူညီချက် အရ မြန်မာနိုင်ငံသား တွေဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စပြီး စင်္ကာပူနိုင်ငံကို ဗီဇာမလိုပဲ သွားရောက်နိုင်တော့မှာဖြစ်ပြီး တစ်လနေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်လီရှန်လွန်းရဲ့ ခရီးစဉ် အတွင်းမှာ ပညာရေးကိစ္စ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်း ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံမှာ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ဖို့နဲ့ ပညာတော်သင် ကျောင်းသားတွေ ပိုမို စေလွှတ်ရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာတော့ လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုကို တစ်ခုတည်း ဖြစ်အောင် ဆောင်ရွက်ပေးဖို့ စင်္ကာပူ ဖက်က တောင်းဆိုခဲ့ ပါတယ်။

စင်္ကာပူ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်က အရေးကြီးကြောင်းနဲ့ ပြည်တွင်း စျေးကွက် သေးငယ်တဲ့ စင်္ကာပူ အနေနဲ့ နိုင်ငံတကာ စျေးကွက်ကို ရှာဖွေဖို့ လိုတယ်လို့ နှစ်နိုင်ငံ ဆက်ဆံရေးကို စောင့်ကြည့် လေ့လာသူ စီးပွားရေး ပညာရှင် ဒေါက်တာ စိန်မင်းက ပြောပါတယ်။

စင်္ကာပူ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်က အရပ်သား အစိုးရတက်ပြီး နိုင်ငံခေါင်းဆောင် တစ်ဦးရဲ့ ပထမဆုံးခရီးစဉ်ဖြစ်တာကြောင့် ပြောင်းလဲလာနေတဲ့ မြန်မာ နိုင်ငံမှာ တခြားနိုင်ငံတွေထက် နောက်ကျ မကျန်အောင် တတ်နိုင်သမျှ ရှေ့ဆုံးက လာဖို့ ကြိုးစားတာဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

စင်္ကာပူဝန်ကြီးချုပ်ဟာ ဇွန်လ ၈ ရက်မှာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိတဲ့ အပြင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နဲ့လည်း နေပြည်တော်က Park Royal ဟိုတယ်မှာ တွေ့ဆုံဖို့ရှိပါတယ်။

စင်္ကာပူ ဝန်ကြီးချုပ်နဲ့ အတူ နိုင်ငံခြားရေး ဝန်ကြီး၊ ပညာရေး ဝန်ကြီးနဲ့၊ ဥပဒေနဲ့ဆိုင်တဲ့ အဆင့်မြင့် အရာရှိတွေ လိုက်ပါလာခဲ့ ပါတယ်။

စင်္ကာပူ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ ၃ ရက် ကြာမြင့်မှာဖြစ်ပြီး ကြာသပတေးနေ့မှာ တော့ ရန်ကုန်မြို့ နတ်မောက်လမ်းမှာ စင်္ကာပူနိုင်ငံက ဆောက်ပေးထားတဲ့ အသက်မွေး ဝမ်းကျောင်း သိပ္ပံကျောင်းကို သွားရောက် ဖွင့်လှစ်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ