ခရစ်ယာန် ဝန်းအတွင်း ဘုရားတည် သိမ်ဆောက်အပြီး တံတိုင်းနား အုတ်တွေလာချ

  • 8 ဇွန် 2016
လှိုင်းဘွဲ့မှာ ခရစ်ယန်ဝန်းအတွင်း ဘုရားတည်
Image caption လှိုင်းဘွဲ့မှာ ခရစ်ယန်ဝန်းအတွင်း ဘုရားတည်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတော်ကျေးရွာက ရှင်မာကု အင်္ဂလိကန် ဘုရားကျောင်းဝန်းထဲမှာ မြိုင်ကြီးငူ ဆရာတော်က စေတီ၂ဆူတည်ဆောက်ပြီး သိမ်တဆောင် ဆောက်လုပ်ခဲ့ရာ တနင်္လာနေ့က ပြီးစီးသွားတယ်လို့ ခရစ်ယာန် ဘုန်းတော်ကြီး ဘစ်ရှော့စတိုင်လိုက ဘီဘီစီကို ပြောပါတယ်။

အခုလိုတည်ဆောက်မှု အငြင်းပွားနေတဲ့နေရာ ဘုရားဝန်းအနီး အုတ်တံတိုင်းအပြင်ဘက် ဘေးနားမှာ နောက်ထပ် အုတ်ကား၈စီး အုတ်ရေ၂သောင်းခန့် အင်္ဂါနေ့က လာချသွားတဲ့ အတွက် နောက်ဆုံး အခြေအနေကို ပြည်နယ်အစိုးရကို အကြောင်းကြား ထားကြောင်း ဘာဆက်လုပ်ဖို့ဆိုတာ မသိရသေးကြောင်း ဘစ်ရှော့စတိုင်လိုက ပြောပါတယ်။

ခရစ်ယာန် ဘုရားကျောင်း ဝန်းအတွင်း အခုလို ဘုရားတည်တာနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ ပြည်နယ်အစိုးရနဲ့ ပြည်နယ် သံဃာ့နာယက အဖွဲ့က တားမြစ်ထားပေမယ့် လိုက်နာမှုမရှိဘဲ မြိုင်ကြီးငူ ဆရာတော်က တပည့်တွေကို စေခိုင်းပြီး မဖြစ်မနေ တည်ဆောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါ ခရစ်ယန်ဘုရားကျောင်း ဘက်ကတော့ ခိုက်ရန် ဖြစ်ပွားတာကိုရှောင်ပြီး ဘာမှဆက်လုပ်မှာ မဟုတ်ဘဲ ပြည်နယ် သံဃာ့နာယကရဲ့ ဆုံးဖြတ်ချက်နဲ့ ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှုကို စောင့်မယ်လို့ ဘစ်ရှော့စတိုင်လိုက ပြောကြားသွားပါတယ်။