ကမ္ဘာ့ငြိမ်းချမ်းရေး အဆင့်မှာ နိုင်ငံ၁၆၃အနက် မြန်မာက ၁၁၅ဆင့်မှာရှိ

  • 8 ဇွန် 2016
 Global Peace Index ဓာတ်ပုံ မူပိုင် BBC World Service
Image caption Global Peace Index

Global Peace Index က ကမ္ဘာ့နိုင်ငံပေါင်း ၁၆၃ နိုင်ငံရဲ့ ငြိမ်းချမ်းရေး အဆင့်ကို သတ်မှတ်တဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ မြန်မာက အဆင့် ၁၁၅အဖြစ် သတ်မှတ်ခံရပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အဆိုးဆုံး ၁၆၃ နိုင်ငံမြောက်နိုင်ငံက ဆီးရီးယားနိုင်ငံပါ။

သူ့ရှေ့နားက နိုင်ငံတွေကတော့ တောင်ဆူဒန်၊ အီရတ်၊ အာဖဂန်၊ ဆိုမားလီးယား၊ ယီမင် စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ တခြားနိုင်ငံတချို့ရဲ့ အဆင့်တွေကတော့ တရုတ်နိုင်ငံက မြန်မာနောက် ၅ နေရာ နောက်ကျပြီး အဆင့် ၁၂၀ လို့ သူတို့ကသတ်မှတ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စုက အဆင့် ၁၀၃ ဖြစ်ပြီး ဗြိတိန်နိုင်ငံက အဆင့် ၄၇ ဖြစ်ပါတယ်။

Global Peace Index မှာ ငြိမ်းချမ်းရေးကို တိုင်းတာတဲ့ အညွှန်းကိန်း ၂၃ ခုရှိကြောင်း၊ ငြိမ်းချမ်းရေးဆိုရာမှာ တိုက်ပွဲဖြစ်တာ မဖြစ်တာ၊ စစ်ပွဲရှိတာ မရှိတာ တခုတည်းကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်တာ မဟုတ်ပဲ အကြမ်းဖက်မှု ရှိမရှိ၊ လုံခြုံရေး၊ ဘေးကင်းရေး ကောင်းမကောင်း၊ လူသတ်မှု ဘယ်လောက်များသလဲ၊ နိုင်ငံရေး အကြမ်းဖက်မှု ဘယ်လောက်ရှိသလဲ၊ စစ်ပွဲဘယ်လောက် ဖြစ်နေသလဲ၊ စစ်တပ် ထိန်းချုပ်မှု စွက်ဖက်မှု ဘယ်လောက်များသလဲ၊ ဂျီဒီပီ ဘယ်လောက်ရှိသလဲ၊ ပြည်တွင်းခြိမ်းခြောက်မှု ၊ ပြည်ပခြိမ်းခြောက်မှု ဘယ်လောက်ရှိသလဲ စသဖြင့် တိုင်းတာတဲ့ အချက် ၂၃ ချက်ရှိကြောင်း Global Peace Index ရဲ့ သုတေသနမှူး Tomas Morganကဘီဘီစီကိုပြောပြပါတယ်။

တရုတ်လိုနိုင်ငံက နံပါတ်စဉ် ၁၂၀ မှာ ရှိနေပြီး မြန်မာလို နေရာအနှံ့အပြားမှာ စစ်ပွဲဖြစ်နေတာ နှစ်ပေါင်း၇၀ နီးပါးရှိတဲ့ နိုင်ငံတနိုင်ငံက အမှတ်စဉ် ၁၁၅ ဖြစ်နေတာက နဲ့ပတ်သက်လို့ အရွယ်အစားမတူတဲ့ နိုင်ငံတွေချင်း နှိုင်းယှဉ်ရတာလည်း မလွယ်ကြောင်း မြန်မာက လူဦးရေ ၅၁ သန်းပဲရှိပြီး တရုတ်က လူဦးရေ သန်းထောင်ကျော်ကြောင်း၊ တရုတ်ပြည်က သိပ်ကြီးပြီး ပြည်တွင်း ပဋိပက္ခလည်း ရှိသလို ပြည်ပ ပဋိပက္ခလည်း ရှိကြောင်း စစ်တပ်အင်အားချဲ့ထွင်နေတာလည်း ရှိကြောင်း မြန်မာက ရွေးကောက်ပွဲပြီးတဲ့နောက် အရပ်သားအစိုးရတက်လာကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတာတွေလည်း ရှိနေတဲ့အချက်တွေကြောင့် တရုတ်က မြန်မာနောက်ရောက်နေတာလို့ဆိုပါတယ်။

Global Peace Index ရဲ့ မနှစ်က ညွှန်ကိန်းထဲမှာ မြန်မာရဲ့ အဆင့်က နိုင်ငံပေါင်း ၁၆၃ နိုင်ငံအနက်မှာ အဆင့် ၁၃၀ ရှိပြီး အခု အထက်ကို ၁၅ ဆင့်မြင့်တက်လာတာ ကတော့ မြန်မာမှာ နိုင်ငံရေး စနစ် ပြောင်းလာတာတွေ၊ အရပ်သားအစိုးရ တက်လာတာ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးဆွေးနွေးပြောဆိုနေတာတွေကြောင့်လို့ Tomas Morganကဖြေကြားသွားပါတယ်။