ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် Hillary Clinton အရွေးခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်နိုင်ငံ သမိုင်းမှာ Hillary Clinton ပထမဆုံး အမျိုးသမီး သမ္မတလောင်း ဖြစ်လာ

အမေရိကန်နိုင်ငံမှာ ဒီမိုကရက်တစ် ပါတီ သမ္မတလောင်းအဖြစ် တစ်ပြေးနေတဲ့ Hillary Clinton ဟာ ဒီမိုကရက်တစ် အမျိုးသား ညီလာခံမှာ သူ့ကို ထောက်ခံဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်အရေအတွက် အများစုကို ရထားသလို နယူးဂျာဆီ ပြည်နယ်ရဲ့ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့တဲ့အတွက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးကောက်ခံလိုက်ရပြီ ဖြစ်ပါတယ်။

Hillary Clintonဟာ အမေရိကန်နိုင်ငံက အဓိက နိုင်ငံရေး ပါတီကြီးတခုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတလောင်း ဖြစ်လာခဲ့ပါပြီ။

အမေရိကန်နိုင်ငံ သမိုင်းမှာ မှတ်ကျောက်တင်နိုင်ခဲ့ပြီ လို့ Hillary Clintonက ဝမ်းသာရွှင်မြူးနေကြတဲ့ သူ့ရဲ့ထောက်ခံအားပေးသူတွေကို ဘရွတ်ခ်လင်မြို့မှာ မိန့်ခွန်းပြောစဉ်မှာ ပြောသွားခဲ့ပါတယ်။

သူ့ရဲ့ ပြိုင်ဘက် Bernie Sanders ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ကိုလည်း Hillary Clintonက ချီးကျူး စကား ပြောသွားခဲ့ပြီး Bernie Sanders ဟာ နိုင်ငံရေး အချေအတင် ဆွေးနွေးမှု အတိုင်းအတာကို မြှင့်တင်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ရီပတ်ဘလီကန် ပါတီရဲ့ သမ္မတလောင်းအဖြစ် တစ်ပြေးနေတဲ့ Donald Trump ကိုတော့ သဘောထားကွဲလွဲစေတဲ့သူ၊ သမ္မတ ဖြစ်ဖို့ မသင့်လျော်သူ ဆိုပြီး Hillary Clintonက စွပ်စွဲ ပြောကြားလိုက်ပါတယ်။